ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များ ပြန်လည် လက်ခံနိုင်ရေး ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများ နှင့် ပူးပေါင်းခြင်းသည် နိုင်ငံတကာ ယုံကြည်မှု ရရှိရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လဝက ဝန်ကြီး ဦးသိန်းဆွေက ပြော သည်။
ရခိုင်အရေးနှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) ဝန်ကြီး ဦးသိန်းဆွေက ယနေ့ နေပြည်တော်၌ သတင်းထောက်များကို ပြောကြားခြင်း ဖြစ်သည်။
“UN တွေ ဝင်လာလို့ စိုးရိမ်စရာ မရှိဘူး။ အစိုးရအနေနဲ့ အမျိုးသား အကျိုးစီးပွား အတွက် အကောင်းဆုံးဖြစ်အောင် စီမံ ဆောင်ရွက်ထားတယ်။ လက်ရှိ အနေအထားအရ ကိုယ့်တနိုင်ငံတည်းလည်း ဆောင်ရွက်လို့ မရဘူး။ UN အဖွဲ့အစည်း တွေနဲ့ လည်း ပူးပေါင်းမှသာလျှင် ဆောင်ရွက်ချက်တွေ ပိုမိုခိုင်မာပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု ရရှိမှာ ဖြစ် တယ်”ဟု ဦးသိန်းဆွေက ပြောသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေးအတွက် အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့ ကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်းကို ဇွန်လ ၆ ရက် က နေပြည်တော်၌ ပြုလုပ်ခဲ့သည်။
ဒုက္ခသည် လက်ခံရေး မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းကို ကမ္ဘာ့နိုင်ငံများက သိရှိရန် လိုအပ်ကြောင်း၊ ဒုက္ခသည် ပြန်လည် လက်ခံရေးတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၉၃ ခုနှစ်တွင်လည်း ပြုလုပ်ခဲ့ဖူးရာ ယခု အကြိမ် သည် ထိုစဉ်က အခြေအနေထက် ပိုမိုကောင်းမွန်သော အနေထားဖြင့် လက်မှတ် ရေးထိုးထားခြင်း ဖြစ်ကြောင်း သိရသည်။
“ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို UN အဖွဲ့တွေက ဦးဆောင်မှာ မဟုတ်ဘူး။ ကျနော်တို့ UEHRD က ချမှတ်ထားတဲ့ လုပ်ငန်းစဉ်များနဲ့ အညီ ဆောင်ရွက်မယ်။ သူတို့က ဘေးကနေပဲ ပံ့ပိုးကူညီမယ့် သဘောပေါ့။ ဟိုဘက်နိုင်ငံမှာ ရှိနေတဲ့ UNDP၊ UNHCR အဖွဲ့တွေနဲ့ သူတို့ အချင်းချင်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးမှာပေါ့” ဟု ဝန်ကြီး ဦးသိန်းဆွေက ပြော သည်။
UEHRD သည် ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထား ရေး ဖွံ့ဖြိုးရေး စီမံကိန်း ကော်မတီ ဖြစ်သည်။
UN နှင့် မြန်မာ အစိုးရကြား သဘောတူညီချက်များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ပြောဆိုခြင်း မရှိသည့် အပေါ် ရခိုင် ပြည်သူများ အနေဖြင့် စိုးရိမ်မှုများ ရှိနေ၍ အစိုးရက MOU ပါ ကိစ္စရပ်များကို အများပြည်သူသိရန် ထုတ်ပြန် ပေးသင့် ကြောင်း နိုင်ငံတကာ ဖိအားများကို ကြောက်ရွံ့၍ ဈေးလျှော့ ပေးလိုက်ရမည်ကို စိတ်ပူမိကြောင်း ရခိုင် အမျိုးသား ပါတီမှ ဦးဖေသန်းက ပြောသည်။
မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဖေသန်းက “လက်ခံရေး လုပ်ငန်းတွေမှာ ဘယ်လို ကတိ ခံဝန်ချက် ရှိတယ်။ ဘယ်လို လိုက်လျောတယ် ဆိုတာကို ကျနော်တို့ စိုးရိမ်မယ်။ ဒီလူတွေထဲမှာ အကြမ်းဖက်သမားတွေ ပါလာနိုင်တယ်။ အကုန်လုံး ပါလာလို့ မတားနိုင်ခဲ့ရင် ပြဿနာတွေ ပိုကြီးထွားလာနိုင်တယ်” ဟုလည်း ပြောဆိုသည်။
အစိုးရကမူ ယင်း UN အဖွဲ့များကို ရခိုင်မြောက်ပိုင်း၏ နယ်မြေ အခြေအနေပေါ် မူတည်၍ သွားခွင့်ပြုမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် UN အဖွဲ့များ အပါအဝင် သတင်းမီဒီယာ အဖွဲ့များကိုပါ လွတ်လွတ်လပ်လပ် ပေးသွားရန် စီစဉ်နေပြီး အထူး သဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ နိုင်ငံတကာ အဖွဲ့များ လာရောက်ပါက ၎င်းတို့၏ ကုန်ကျစရိတ်များကို ပြည်တွင်း ရှိ UN အဖွဲ့များက ကူညီစိုက်ထုတ် ပေးမည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီး ဦးသိန်းဆွေက “မြန်မာနိုင်ငံက အသင့်မဖြစ်ဘူးဆိုတဲ့ ကိစ္စတွေကို ဒီက အဖွဲ့တွေနဲ့ ညှိပြီးတော့မှ ဆောင်ရွက် မယ် ဆိုရင် ဟိုဘက်က တဖက်သတ် ပြောလို့မရတော့ဘူး။ ဟိုဘက်က သတင်းတွေကိုပဲ လိုအပ်သလို ပုံကြီးချဲ့ရေးလို့ မရနိုင် တော့ဘူး။ မှန်မှန် ကန်ကန် ဖြစ်လာမယ်။ လုပ်ဆောင်ချက်တွေ ပိုပြီးတာ့ အဆင်ပြေ ချောမွေ့လာပြီးတော့မှ မြန်မာ နိုင်ငံရဲ့ ပုံရိပ်က ပိုကောင်းလာမယ်”ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခ သည် ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်း များနှင့် သတင်းများ၌ ဖော်ပြလျက်ရှိပြီး ၎င်းတို့ကို ပြန်လည် လက်ခံရန် မြန်မာဘက်က အသင့်ပြင်ထားသော်လည်း လက်ရှိ အချိန်ထိ တဦးတယောက်မှ ပြန်လာသူ မရှိသေးပေ။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခြင်း မဟုတ်ဘဲ ၎င်းတို့၏ သဘောဖြင့် ပြန်လည် ဝင်ရောက်သူ များကို ဥပဒေအရ ဖမ်းဆီး အရေးယူခွင့် ရှိသော်လည်း ၂ နိုင်ငံ သဘောတူ စာချုပ်အရ ဒုက္ခသည်များကို ပြန်လည် လက်ခံရေး လုပ်ငန်း စဉ်ထဲသို့ ထည့်သွင်းရန် စိစစ်မှုများ ပြုလုပ်၍ လက်ခံနိုင်ရေး မြန်မာ အစိုးရက စီစဉ်နေရ သည်ဟု ဆိုသည်။
နောက်ပိုင်း မြန်မာနိုင်ဘက်သို့ တရားမဝင် ပြန်လည် ဝင်ရောက်လာသူများကို ပြန်လည် လက်ခံရေးစခန်းများသို့ ပို့ဆောင် ပေးနေပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူ စာချုပ်အရ ပြန်ဝင်လာသူများကို ဖမ်းဆီး ချုပ်နှောင်ခွင့် မရှိကြောင်း၊ ဒုက္ခသည်များသည် ပုံမှန် လမ်းကြောင်းမှ ပြန်လာရန် အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ပြန်လာသူများကို လက်ခံရေး စခန်းများတွင် သေချာစွာ စိစစ်မှုများ ပြုလုပ်ပေးလျက် ရှိကြောင်းလည်း သိရသည်။