ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပင်လယ်ကမ်းခြေ၌ တွေ့ခဲ့သော လှေစီးဒုက္ခသည် ၁၀၀ ကျော်တွင် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၉ ဦး ပါဝင်ကြောင်း သတင်း ရရှိသည်။
အဆိုပါ လှေစီးဒုက္ခသည်များကို ရသေ့တောင် ပင်လယ်ကမ်းခြေမှနေ ဇွန်လ ၁၁ ရက်နေ့က မောင်တောမြို့နယ် ငခူရ ပြန်လည်လက်ခံရေး စခန်းသို့ ပြောင်းရွေ့ပေးခဲ့ပြီး၊ ကနဦး စိစစ်မှုများ ပြုလုပ်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရ် နိုင်ငံသား ၉ ဦး ပါဝင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦတင်မောင်ဆွေက “ အငူရစခန်းမှာ အသေးစိတ် စိစစ်နေ တယ်။ လောလော ဆယ် ကျနော်တို့ သိရသလောက်ကတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၉ ဦးပါတယ်” ဟုပြောသည်။
ရသေ့တောင်ကမ်းခြေတွင် တွေ့ရှိသော လှေစီးဒုက္ခ ၁၀၄ ဦးတွင် အမျိုးသား ၄၄ ဦး ၊ အမျိုသမီး ၆၀ ဦးတို့ ပါဝင်ပြီး ထိုသူ များကို မောင်တောဒေသတွင် နေထိုင်သူများ ဟုတ်မဟုတ် အတိအကျသိရှိရန် အသေးစိတ် စစ်ဆေးရဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဘင်္ဂါလီများကို ရသေ့တောင်မြို့နယ် ဆင်ဗိုက်ကျေးရွာနှင့် အောင်ဗလ ကျေးရွာကြား ပင်လယ် ကမ်းစပ်တွင် ဇွန် လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဒေသခံကျေးရွာသားများ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ မလေးရှားနိုင်ငံသို့ သွားရောက်ရန် စက်လှေဖြင့် လာရောက်ကြောင်း ပြောဆိုသည့်အတွက် ရှာဖွေရာ သာစည်ကျေး ရွာပင်လယ်ကမ်းစပ် ၌ အလျား ၄၀ ပေ ၊ အနံ ၂၀ ပေ ၊ ဇောက် ၆ ပေ ရှိသော ဝမ်းဗိုက်ထက်ခြမ်းကွဲနေသည့် စက်လှေ တစီးကိုလည်း တွေ့ရှိခြင်းဖြစ်သည်။
ယခုအခါ ငခူရပြန်လည်လက်ခံရေးစခန်းတွင် ထားရှိသော လှေစီးဒုက္ခသည်များကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်း မြတ်အေးတို့အဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း လည်း သိရသည်။
ထိုသို့တွေဆုံရာတွင် ဒုက္ခရောက်နေသူများအတွက် မည်သည့်ခွဲခြားမှုမျှ မရှိဘဲ ကူညီခြင်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟု ထွက်ဆိုထားသူများအား သံတမန်နည်းလမ်းဖြင့် လိုအပ်သော စီစဉ် ဆောင်ရွက်မှု များပြုလုပ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်ပြီး သူများကို လည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ဆွေမျိုးများထံသို့ ဆက်လက်ပို့ဆောင် ပေးမည်ဖြစ် မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသူများအား သေချာစွာစိစစ်၍ ၎င်းတို့၏ဆန္ဒအတိုင်း UEHRD အစီအစဉ်ဖြင့် ပြန် လည်နေရာချထားပေးသွားမည် ဖြစ်မည်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကိုမူ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) တို့ပူးပေါင်း၍ လိုအပ်သည့် ထောက် ပံ့မှုများကိုလည်း ပေးဆောင်သွား မည် ဖြစ်ကြောင်းလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ရသေ့တောင် ကမ်းခြေတွင် ဘင်္ဂါလီ ၁၀၀ ကျော် တွေ့ရှိ