သတင်း

“Padmaavai” မင်းသမီး Deepika နေတဲ့ အဆောက်အဦမှာ မီးလောင်မှု ဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာရှိတဲ့ ဘောလိဝုဒ်မင်းသမီး Deepika Padukone ရဲ့ နေထိုင်ရာ အဆောက်အဦ အထပ်မြင့် ပိုင်းမှာ ဇွန်လ ၁၃ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် အဲဒီ အဆောက်အဦမှာ နေထိုင်သူတွေ တိုက်ပေါ်ကနေ အပြေးအလွှား ပြေးဆင်းလာခဲ့ကြပေမယ့် ဘောလိဝုဒ် နာမည်ကျော် မင်းသမီး Deepika ကတော့ ရှုတင်တခုရှိနေလို့ မီးဘေးနဲ့ မကြုံခဲ့ရဘူးလို့ ဆိုပါတယ်။

အဲဒီ အဆောက်အဦမှာ နေထိုင်သူ လူ ၉၀ ကျော်ကိုလည်း ကယ်ဆယ်ထားရတယ်လို့ ရဲတပ်ဖွဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ မွမ်ဘိုင်းရဲတပ်ဖွဲ့နဲ့ မီးသတ်သမားတွေ ရှိနေခဲ့ကြပြီး မီးငြိမ်းသတ်ဖို့ ကြိုးစားခဲ့ ကြတယ်လို့လည်း ဆိုပါတယ်။ မွမ်ဘိုင်း ရဲတပ်ဖွဲ့က “ မီးငြိမ်းသတ်ဖို့ သူတို့ဟာ အကောင်းဆုံး ကြိုးစားခဲ့ကြ ပါတယ်” လို့ Twitter မှာ ပြောကြားခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတွေရဲ့ အဆိုအရ မီးသတ်ကား ၅ စင်းကို မီးလောင်မှု ဖြစ်ပွားရာနေရာကို စေလွှတ်ခဲ့ပြီး အဆောက်အဦရဲ့ ထပ်ဆုံးအထပ် ၂ ထပ်မှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ မီးလောင်မှုဟာ မွန်းလွဲ ၂ နာရီ ပတ်ဝန်းကျင်မှာ အဆောက်အဦရဲ့ ၃၂ ထပ်လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Indian Express မီဒီယာရဲ့ သတင်းထုတ်ပြန်ချက်အရ Deepika Padukone နဲ့ နီးစပ်သူတဦးက “မီးလောင်တဲ့ အထဲမှာ သူ့ရဲ့ အိမ်နဲ့ ရုံးခန်း မပါဝင်ခဲ့ပါဘူး။ ၃၂ ထပ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ကလည်း လမ်းမှာ လာနေပါပြီ။ Deepika ဟာ ကြော်ငြာတခု ရိုက်ကွင်းမှာပါ။ သူ့ရဲ့ဝန်ထမ်းကိုတော့ အဆောက်အဦကနေ ကယ်ထုတ် ထားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“Padmaavai” မင်းသမီးဟာ ဒီအဆောက်အဦထဲက တိုက်ခန်းတခုကို ဖခင်ဖြစ်သူ Prakash Padukone နဲ့အတူ ၂၀၁၀ ခုနှစ်မှာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခန်းကိုတော့ Deepika Padukone နဲ့ Prakash Padukone ဆိုတဲ့ နာမည်နဲ့ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။

ကောလာဟလသတင်းတွေရဲ့ အဆိုအရ မင်းသမီး Deepika ဟာ လက်ထပ်ပြီးရင် ခင်ပွန်းလောင်း Ranveer Singh ရဲ့ မိသားစုအိမ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အငြင်းပွားမှုတွေ ရှိခဲ့တဲ့ “Padmaavai” ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Deepika ရဲ့ ခေါင်းကိုဖြတ်ပေးမယ်ဆိုရင် ရူပီး သန်း ၅၀ ပေးမယ်လို့ ခြိမ်းခြောက်ခံရတဲ့ ကိစ္စလည်း ဖြစ်ခဲ့ဖူးပါတယ်။

Ref: indiatvnews

Loading