အင်တာနက် အွန်လိုင်းတွင် ငွေသားနှင့် လောင်းကစား ပြုလုပ်နေသည့် တရားမဝင် ရှမ်းကိုးမီး ဖဲကစားနည်းများကို ဖော်ထုတ် အရေးယူ သွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးကျော်မျိုးက ပြောသည်။
ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး ၁၄ ရက် မြောက်နေ့၌ ရှမ်းကိုးမီး နှင့် ပတ်သက်၍ ၎င်းက ပြောကြားခြင်း ဖြစ်သည်။
ဒု ဝန်ကြီး ဦးကျော်မျိုးက “လိုင်စင်ရ လုပ်ငန်း မဟုတ်တဲ့ တခြား လူပုဂ္ဂိုလ်အဖွဲ့ အစည်းများက အွန်လိုင်း အပလီကေးရှင်း များဖြင့် တရားမဝင် ဝန်ဆောင်မှုများ ဆောင်ရွက်နေကြောင်း စစ်ဆေး တွေ့ရှိရပါက ပြည်ထဲရေး ဝန်ကြီးဌာနမှ လောင်း ကစား ဥပဒေ၊ တည်ဆဲ ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်သွားနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက် သွားပါမယ်” ဟု လွှတ်တော် အစည်း အဝေးတွင် ပြောသည်။
ပြည်သူများကြား ထိုးဖောက် ဝင်ရောက်လာသည့် လောင်းကစားနည်း တမျိုး ဖြစ်သော ရှမ်းကိုးမီး ဖဲကစားနည်း (Shan Koe Mee Zingplay)မှာ ပြည်သူများထံမှ လောင်းကြေးငွေများကို နည်းအမျိုးမျိုးဖြင့် ရယူနေသဖြင့် အဆိုပါ လောင်းကစား နည်းကို တားမြစ် ပိတ်ပင်ရန်နှင့် လောင်းကစား ဒိုင်များကို ထိရောက်စွာ ဖော်ထုတ်အရေးယူရန် အစီစဉ် ရှိမရှိ မေးခွန်းကို မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်၂ မှ ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် က မေးမြန်းခဲ့သည်။
အွန်လိုင်း ရှမ်းကိုးမီး ဖဲကစားနည်းမှာ ယခင်က ပြင်ပတွင် ငွေပေးချေခြင်း မရှိသော ဂိမ်းများဖြစ်ပြီး ယခု နောက်ပိုင်း အွန်လိုင်းမှ တဆင့် ငွေကြေးဖြင့် အလျော်အစားလုပ်ခြင်းမှာ ခေတ်စားလာကြောင်း သိရသည်။
“မူလက အပျော်သဘောမျိုး ငွေကျပ် ၂၀၀၀ လောက်ကစပြီး ဝင်ကစားနိုင်သော်လည်း နောက်ပိုင်း တဖြည်းဖြည်း လောင်း ကြေး မြင့်မားလာကာ ၁ သိန်း၊ ၂ သိန်းခန့်အထိ ငွေကြေးဆုံးရှုံးမှုများ ရှိလာတယ်။ နောက်ပိုင်းတွင် မူးယစ် ဆေးဝါးကဲ့သို့ စီးပွားပျက်ပြားသည် အထိ ဖြစ်လာကြတယ်” ဟု ဒေါ်နွယ်နွယ်အောင်က ပြောကြားသည်။
ဆက်လက်၍ ၎င်းက လွန်ခဲ့သည့် ၁ နှစ်ကျော်တည်းက ရှမ်းကိုးမီး ဖဲကစားနည်းသည် လောင်းကြေးငွေများဖြင့် ပြည်သူများ ကြား ထိုးဖောက် ဝင်ရောက်လာကြောင်း၊ ယင်း ကစားနည်းကဲ့သို့ အခြားအမည်များနှင့်လည်း အွန်လိုင်းကစား ဝန်ဆောင်မှု များရှိကြောင်းလည်း ဒေါ်နွယ်နွယ်အောင်က လွှတ်တော် အစည်းအဝေး၌ ပြောသည်။
ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့်လည်း ရှမ်းကိုးမီး ဖဲကစားနည်းအား ကစားသူများအား ချိတ်ဆက် ရှာဖွေပေးသူ ငွေပေး ငွေချေ ကိစ္စရပ်များကို ဆောင်ရွက်ပေးသူ စုံစမ်းဖော်ထုတ်ရေး သက်သေ အထောက်အထား အပြည့်အစုံဖြင့် ဖမ်းဆီးရမိ ရေး ကို ပူးပေါင်း ဆောင်ရွက်ရန် ပြောဆိုထားကြောင်း ၎င်းက ပြောဆိုသည်။
“ဒီကစားနည်းက မကောင်းဘူး။ ပျက်စီးလွယ်တယ်။ ငွေကြေးလိုအပ်လာရင် ဒုစရိုက်မှုတွေ ဖြစ်လာနိုင်တယ်။ အရေးယူ မယ်ဆိုရင်တော့ အားပေးပါတယ်။ အွန်လိုင်းက ဆိုတော့ မှန်လား မမှန်ဘူးလား ဆိုတာ ယုံဖို့ခက်တယ်” ဟု အွန်လိုင်းမှ ရှမ်းကိုးမီး ဂိမ်းဆော့ဖူးသူ အသက် ၃၀ အရွယ် အမျိုးသားတဦးက ပြောသည်။
ယင်း ဂိမ်းအား ကစားချင်သူများအတွက် အွန်လိုင်းမှ ဝန်ဆောင်မှုပေးသည့် စာမျက်နှာများစွာ ပေါ်ထွက်နေပြီး ကစားမည့် သူအနေနှင့် အပလီကေးရှင်းအား ဖုန်းနှင့် ဖြစ်စေ ကွန်ပျူတာနှင့် ဖြစ်စေ Download လုပ်ထားရမည် ဖြစ်ကြောင်း သိရ သည်။
ထို့နောက် အကောင့်တခု ဖွင့်လှစ်ရန် ငွေထည့်သွင်းရမည်ဖြစ်ကာ ငွေသွင်းရန်အတွက် ယခင်က ဖုန်းဘေလ် လွှဲသည့် စနစ်ကို အသုံးပြုပြီး ယခု၌ မိုဘိုင်းဘဏ်စနစ် Wave Money စနစ်တို့ကို အသုံးပြုသည်ဟု ဆိုသည်။
ရှမ်းကိုးမီး ဂိမ်းဆော့သူများထံမှ ငွေလိမ်လည်မှုများ၊ ဂိမ်းဆော့ရင်း အကြွေး တင်သူများ ရှိနေကြောင်းလည်း ယင်းဂိမ်း ဆော့ ကစားသူများထံက သိရသည်။