မကွေးတိုင်းဒေသကြီး မင်းဘူး၊ ပွင့်ဖြူနှင့် မင်းလှမြို့နယ် တို့ရှိ ချောင်းရေကြီးမှုများကြောင့် ဇွန် ၁၁၊ ၁၂ ရက်များက ကလေးငယ် ၁ ဦးအပါအဝင် လူ ၃ ဦး မျောပါသေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းကျော်ဌေးက ဧရာဝတီသို့ပြောသည်။
ဦးသန်းကျော်ဌေးက “မင်းဘူး အမှတ် ၃ ရပ်ကွက်မှာ မန်းချောင်းရေဝင်တုန်းမှာ နေအိမ်ပေါ်မှာနေတဲ့ ကလေးငယ်က ပြုတ်ကျပြီး မျောပါ သေဆုံး သွားတာ။ နောက်တဦးက စစ္စနို့ချောင်းရေ ကျလာတဲ့အချိန် လူတဦးက လမ်းဖြတ်ကူးတဲ့အချိန် မျောပါပြီး သေဆုံးတယ်” ဟု ပြောသည်။
ထို့ပြင် ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီး ကျေးရွာတွင် ရေပုတ်ကြီး ချောင်းရေကြီးမှုကြောင့် လူတဦး မျောပါသေဆုံးခဲ့သည်။ မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာ ၅၀ခန့် ရေဘေးသင့် လျှက်ရှိပြီး၊ ကျေးရွာတချို့မှ စာသင်ကျောင်းများ ယာယီပိတ် ထားရကြောင်း၊ မင်းတုန်းချောင်းကူး ဘေလီသံတံတား လည်း ရေကြောင့် မျောပါပျက်စီး သွားကြောင်း ကံမမြို့နယ်လုံး ဆိုင်ရာ လူမှုကူညီရေးအသင်း (မြောက်ချောင်း)ထံမှ သိရသည်။
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် မင်းဘူးမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအထိ ရေဘေးသင့် အိမ်ထောင်စု ၆၃၇ စု နှင့် လူဦးရေ ၂၄၈၈ ဦးရှိနေသည်။
မင်းဘူးမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်ဇော်အောင်က “၁၂ ရက်နေ့ကစပြီး ရေတွေများလာတာပဲ ဒီနေ့ အခြေအနေကတော့ ရေတွေ ပြန်လျော့နေပြီ အကုန်လုံး သွားလို့လာလို့ရနေပါပြီ” ဟု ရှင်းပြသည်။
မကွေးတိုင်းဒေသကြီး အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း မိုးကြီး ရေလျှံမှုကြောင့် အိမ်ထောင်စု ၅၀၀၀ ကျော်ခန့် ရေဘေးသင့်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
မုတ်သုံလေအားကောင်းနေသဖြင့် တနိုင်ငံလုံးတွင် နေရာအနှံ့အပြား မိုးရွာပြီး မိုးရွာသွန်းနိုင်ခြေမှာ ရာနှုန်းပြည့်ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ် လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေသဖြင့် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်သောကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် သတိပြုနေထိုင်ရန် သတိပေးချက်လည်း မိုး/ဇလ မှ ထုတ်ပြန်ထားသည်။