ကမ္ဘာ့ဖလား ဘောလုံးပွဲကာလ ရုရှားနိုင်ငံကို လာရောက်မည့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံ(ရူဘယ် ၁၀၀ဘီလျံ) သုံးစွဲမည်ဟု ခန့်မှန်းထားကြောင်း ရုရှားစီးပွား ရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဆိုသည်။
ရုရှားခရီးသွားလုပ်ငန်း အသင်း၏အဆိုအရ နိုင်ငံခြားသားခရီးသည် ၄ သိန်းဝန်းကျင်မှာ ကမ္ဘာ့ဖလား ပွဲကြည့်ရှုအားပေးရန် ဇွန်နှင့် ဇူလိုင်လတို့တွင် ရုရှားသို့လာရောက်မည်၊ ထို့နောက် ရုရှားနိုင်ငံတွင် ခရီးသွားဦးရေတိုးနှုန်းသည် ဆက်လက်မြင့် တက်လာ မည်ဖြစ်ပြီး လာမည့်နှစ်တွင် ၂၀ ရာခိုင်နှုန်းတိုး မည်ဟု မျှော်မှန်းထားသည်။
စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး မက်ဇင်အိုရတ်ရှ်ကင်က အနောက်အုပ်စု ပိတ်ဆို့မှုမှာ ယင်းကာလအတွင်း သက်ရောက်မှုရှိလိမ့် မဟုတ်ဟု မိမိယုံကြည်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။ “နိုင်ငံရေး၊ စီးပွားရေး၊ သာမန်ပြည်သူတွေရဲ့ဘ၀ စသည်ဖြင့် ရှိပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ အားကစားကိစ္စဖြစ်တဲ့ ကမ္ဘာ့ဖလားလိုပွဲမျိုးမှာ အမြဲတမ်းမြင့်နေမှာပါ” ဟု ဆိုဗက်စကီးအားကစား သတင်းစာသို့ ပြောသည်။
“ခေတ်မီဟိုတယ်တွေ၊ လေဆိပ်တွေ၊ လမ်းတွေနဲ့အတူ ဒေသဆိုင်ရာဌာနတွေဟာ လူဦးရေရဲ့လှုပ်ရှား မှုတွေ တိုးလာမှာပါ။ ဆိုပါစို့ နီဇေးနော့ဗ်ဂိုရော့ဗ် (ဒါမှမဟုတ်) ရိုစတော့ဗ်အွန်ဒွန်တို့လို မြို့ကြီးတွေမှာ လည်း စီးပွားရှာဖို့ လွယ်လာမယ်ပေါ့။ ဒီမြို့ကြီးတွေလည်း ပြောင်းလဲတိုးတက်လာမှာ ဖြစ်ပါတယ်” ၎င်းက ဆိုသည်။
ကမ္ဘာ့ဖလားပွဲအတွက် ခေတ်မီအခြေခံအဆောက်အဦများမှာ စီးပွားရေးကဏ္ဍများစွာနှင့် ပြည်သူတို့၏ အလုပ်အကိုင်အခွင့် အလမ်း လူမှုဘဝအရည် အသွေးတို့အပေါ် အပြုသဘောသက်ရောက် မှုရှိကြောင်းလည်း စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး မက်ဇင်အိုရတ်ရှ်ကင်က ဆက်ပြောသည်။
၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပွဲကို ရုရှားမြို့ကြီး ၁၁ မြို့ရှိ အားကစားကွင်း ၁၂ ကွင်းတွင် ကျင်းပမည်ဖြစ်ရာ မော်စကို၊ စိန့်ပီတာစဘတ်၊ ဆိုချီ၊ ကာဇန်၊ ဆာရန့်ခ်၊ ဗော်ဂိုဂရက်၊ ရိုစတော့ဗ်အွန်ဒွန်တို၊ နီဇေးနော့ဗ်ဂိုရော့ဗ်၊ ရယ်ကာတီရင်ဘတ်နှင့် စမာရာမြို့တို့တွင် ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။