မယ့်လိမ့်လုံ စားသောက်ဆိုင်၌ ဝင်ရောက် လုပ်ကိုင်နေစဉ် ဆိုင်ရှင်ဖြစ်သူ၏ ဓမ္မတာနှင့် ဆန့်ကျင်သည့် လိင်တူပြုကျင့်မှုကို ခံခဲ့ရသည့် အတွက် အသိုင်းအဝိုင်းများက ဝိုင်းပယ်ခံရမှုကို ကြုံနေရကြောင်း ကာယကံရှင် ကိုထွန်းထွန်း(အမည်လွှဲ) က ဇွန်လ ၁၃ ရက်နေ့ ရုံးချိန်း၌ ပြောသည်။
“သူငယ်ချင်းတွေနဲ့ အသိုင်းအဝိုင်းက ဝိုင်းပယ်ကြတဲ့ အတွက် စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းသို့ အမှုဖြစ်ပွားမှုကြောင့် အသိုင်းအဝိုင်းနှင့် သူငယ်ချင်းများကြား၌ ဥပေက္ခာ ပြုခံရ၍ ကြောက်ရွံ့ အားငယ် မိခဲ့သော် လည်း လတ်တလောတွင် အားပေးကူညီသူ တချို့ရှိနေသဖြင့် အမှန်တရား ပေါ်ပေါက်ရေး အတွက် အဆုံးထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ကိုထွန်းထွန်းက “ကိုယ်က တကယ် အနိုင်ကျင့်ခံရတာ ဖြစ်တဲ့အတွက် ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပါစေ လုပ်စရာရှိ တာ ဆက်လုပ်သွားမယ်။ ကျနော့်ကို မတရားလုပ်တဲ့ အတွက် မကျေနပ်ဘူး။ အမေဆိုရင်လည်း စိတ်ကောင်းမှာ မဟုတ်ဘူး။ နောက်ဆုံးအထိ ဆက်လုပ်သွားမှာပါ” ဟု ပြောဆိုသည်။
ထိုသို့ လိင်တူပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး ကိုထွန်းထွန်း က တရားလိုပြုလုပ်ကာ ဆိုင်ရှင်ဖြစ်သူ ဦးအောင်မျိုးထွဋ် (ခ) အက်ဒီအား ဓမ္မတာနှင့် ဆန့်ကျင်သည့် အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၇ ဖြင့် တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် တရားစွဲကာ အမှု ရင်ဆိုင်လျက်ရှိသည်။
ယနေ့ ရုံးချိန်းတွင် တရားလိုပြသက်သေ အနေဖြင့် ဆိုင်မှ မဟန်နီနှင့် ကိုအောင်ဘိုဘို တို့အား စစ်ဆေးရန် ချိန်းဆို ထား သော်လည်း တရားရုံးသို့ လာရောက်နိုင်ခြင်း မရှိခဲ့သဖြင့် ဇွန် ၂၇ ရက်ကို ရုံးချိန်း ထပ်မံချိန်းဆိုထားကြောင်း သိရသည်။
အမှု၌ ဓမ္မနှင့်ဆန့်ကျင်ကာ ပြုကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် အက်ဒီသည် HIV ဝေဒနာရှင် တဦးဖြစ်ကြောင်း သိရပြီး ၎င်း၏ အာမခံ လျှောက်ထားမှုကိုလည်း တရားရုံးက ပယ်ချထားသည်။
အမှုနှင့် ပတ်သက်၍ ဆေးစစ်ချက်တွင် စအို၌ ဒဏ်ရာများ မရှိကြောင်းနှင့် သုတ်ပိုးလည်း မတွေ့ရှိကြောင်း ဖော်ပြထား သည် ဟု စွပ်စွဲခံထားရသူ အက်ဒီ၏ ရှေ့နေဖြစ်သူ ဒေါ်အေးအေးသက် က မေလ ၃၁ ရက် ရုံးချိန်းတွင် ပြောဆိုထားသည်။
တရားလိုများ၏ ပြောပြချက် အရ အခင်းဖြစ်စဉ်မှာ မတ်လ ၇ ရက်က ဖြစ်ပွားခဲ့သော်လည်း မတ်လ ၉ ရက်မှသာ အမှုဖွင့် တိုင်ကြားနိုင်ခဲ့ခြင်း ဖြစ်၍ အမှုအတွက် ဆေးစစ်ချက်များ ပြုလုပ်ရန် ၂ ရက် ကွားခြားခဲ့ကြောင်းလည်း သိရသည်။
အမှုတွင် စွပ်စွဲခံထားရသူ အက်ဒီသည် HIV/AIDS နှင့်ပတ်သက်သည့် NGO အဖွဲ့အစည်းတချို့တွင် လုပ်ကိုင်ခဲ့သူ ဖြစ် သည့် အပြင် နိုင်ငံတကာ NGO အဖွဲ့အစည်းများကြား ဝင်ဆံ့သူတဦးလည်းဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသူ တချို့က ဧရာဝတီ သို့ ပြောပြသည်။
အမှုစစ်ဆေးနေစဉ် အတွင်း တရားလို ကိုထွန်းထွန်း၏ မိဘများထံသို့ လူတချို့က ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တဆင့် ငွေကြေးပေးရန် လာရောက် ပြောဆိုမှုများ ရှိခဲ့ကြောင်းလည်း တရားလိုဘက်က ပြောပြထားသည်။