လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်တွင် ကမန်နှင့် မွတ်စလင် လူဦးရေစာရင်းကို ယနေ့အချိန်အထိ တိကျစွာ ကောက်ခံနိုင်မှု မရှိခြင်းကြောင့် ရခိုင်အမျိုးသား ပါတီ (ANP) မှ လွှတ်တော် ကိုယ်စားလှယ် တချို့က မနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဝေဖန် ပြောဆိုကြသည်။
အစိုးရက ကမန်များကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားချိန် ၎င်းတို့နှင့် ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှု တူညီသည့် မွတ်စလင် (ဘင်္ဂလီ)များအနေဖြင့် အကျင့်ပျက်ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကမန်များ ဖြစ်လာမည်ကို စိုးရိမ် ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
“ကမန် လူဦးရေ စာရင်းကို စနစ်တကျ ပြုစုထားဖို့ လိုအပ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းမှာလည်း တိုင်းရင်းသားဆိုတဲ့ ကမန် လူဦးရေကို တိကျစွာ မဖော်ပြနိုင်ခဲ့ခြင်းဟာ အထူး အားနည်းချက်တခု ဖြစ်ခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။
ထို့အတူ ရခိုင်ပြည်နယ်ရှိ မွတ်စလင် လူဦးရေသည် ခန့်မှန်း တွက်ချက်မှုအရ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းတွင် ၁၀ သိန်း ၉ သောင်း ရှိ၍ ရခိုင်ပြည်နယ် လူဦးရေ၏ ၃၁ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြခဲ့ သော်လည်း တိကျစွာ ဖော်ပြနိုင်မှု မရှိကြောင်း၊ မွတ်စလင် ဦးရေ စာရင်း မကောက်ယူနိုင်ခြင်းမှာ တိုင်းပြည်အတွက် အရှက်ရစရာ ကိစ္စတခု ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဖေသန်းကလည်း ပြောသည်။
“ဒါဟာ ဘာကို ပြလဲဆိုရင် ဘင်္ဂလီတွေဟာ အဲဒီအချိန်ကတည်းက အစိုးရကို အာခံပြီး နိုင်ငံတော် စီမံကိန်းတွေကို ဖျက်ဆီးနိုင်ခဲ့တယ်။ ဒေသတွင်း အုပ်ချုပ်ရေး ယန္တရား မလည်ပတ်တော့ဘဲ ဥပဒေ စိုးမိုးမှု မရှိတဲ့ ဒေသအဖြစ်ကို ကျရောက်နေပြီ ဆိုတာ ညွှန်ပြနေခြင်း ဖြစ်ပါတယ်”ဟု ဦးဖေသန်းက လွှတ်တော်တွင် ပြောသည်။
အစိုးရကမူ ဘင်္ဂလီများ ကမန်ကူးပြောင်းလာခြင်းများ တွေ့ရှိပါက ကတ်ပြားများ ပြန်လည် သိမ်း ဆည်း၍ အကျင့်ပျက် ဝန်ထမ်းများကို ထိထိရောက်ရောက် အရေးယူနေကြောင်း၊ ၂၀၁၄ သန်းခေါင်စာ ရင်း ထုတ်ပြန်ခဲ့သော်လည်း တိုင်းရင်းသား လူမျိုးစုစာရင်းမှာ အငြင်းပွား ဖွယ်ရာများ ရှိနေသော ကြောင့် မထုတ်ပြန်နိုင်သေးကြောင်း ပြန်လည် ရှင်းလင်းခဲ့သည်။
မွတ်စလင် လူဦးရေ စာရင်း အတိအကျ မကောက်ခံနိုင်မှုနှင့် ပတ်သက်၍လည်း မွတ်စလင် လူဦးရေ ၁ သိန်း ၉ သောင်းဟု ခန့်မှန်းထား ခြင်းမှာ ၂၀၁၂ ခုနှစ်တွင် နောက်ဆုံး ကောက်ယူရရှိခဲ့သည့် စာရင်းကို အခြေခံ၍ လူဦးရေတိုးနှုန်း ၄ ရာခိုင်နှုန်း အပေါ်တွင် ပေါင်းထည့် ခန့်မှန်းထားခြင်း ဖြစ်ကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
“လူဦးရေစာရင်း အတိအကျရအောင် ကောက်ခံနိုင်ရေးအတွက် ဖြစ်နိုင်တဲ့နည်းလမ်းတွေကို အသုံးပြု ပြီး ဆက်လက် ဆောင်ရွက်သွားပါ့ မယ်”ဟု ၎င်းကလွှတ်တော်တွင် ပြောသည်။
ဝန်ကြီး ဦးသိန်းဆွေ၏ ဖြေကြားချက်များနှင့် ပတ်သက်၍ ရခိုင်ကိုယ်စားလှယ်များက ကျေနပ်မှု မရှိ၍ ဆက်စပ်မေးခွန်းများ ဖြင့် ဆက်လက် မေးခွန်းထုတ်ခဲ့ကြသေးသည်။
ကမန်များနှင့် ပတ်သက်၍ မွေးဖွားနှုန်းအရ လူဦးရေတိုးပွားလာသည်ကို လက်ခံကြောင်း၊ တရားမဝင် လုပ်ကမန်များ တိုးပွားလာခြင်းကိုမူ လက်မခံနိုင်၍ မည်သို့ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ထပ်မံမေးမြန်သလို မွတ်စလင် ဦးရေ တိုးပွားလာသည့် ကိစ္စမှာလည်း ဖြေကြားမှု မတိကျ၍ ကမ္ဘာ အရပ်ရပ်မှ ရိုဟင်ဂျာ အမည်ခံသူ မှန်သမျှ လက်ခံနေရမည်ကို စိတ်ပူကြောင်း ရခိုင်အမတ်များ က ပြောဆိုသည်။
ဦးဖေသန်းက “ဘင်္ဂလီဆိုရင် အကောက်မခံဘူး။ ရိုဟင်ဂျာဆိုမှ အကောက်ခံမယ်ဆိုတော့ အဲဒီလို ဆက်ငြင်းဆန်မယ် ဆို ရင် ဘယ်လို ကောက်မလဲ။ အတိအကျ ဘယ်လိုလုပ်မလဲဆိုတာကို ကျနော် မေးခြင်း ဖြစ်ပါတယ်။ အဲဒီမေးခွန်းကိုလည်း ဒီထက်ရှင်းလင်းအောင် ဖြေပေးစေလိုပါတယ်”ဟု လွှတ်တော်တွင် မေးခွန်းထုတ်သည်။
၂၀၁၂ ခုနှစ် မတိုင်မီ ရခိုင်ဒေသ လူဦးရေစာရင်း မိမိလက်ထဲတွင် ရှိသည်ဟု ၂ ကြိမ်တိုင်တိုင် ပြောခဲ့ ကြောင်း၊ ထို့ကြောင့် ဘင်္ဂလားဒေ့ ရှ်မှ လူ ၈၀၀၀ ကျော်စာရင်း ရောက်ရှိလာသည့်အခါ အစိုးရလက်ထဲ ရှိ စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးနိုင် ခြင်း ဖြစ်ကြောင်း၊ မှန်ကန်သူများကိုသာ လက်ခံခြင်း ဖြစ် ကြောင်း ဝန်ကြီး ဦးသိန်းဆွေက ပြန်လည် ရှင်းလင်းခဲ့သည်။
ဦးသိန်းဆွေ “အတိအကျ အဲဒီဒေသမှာ ရှိနေတဲ့ လူဦးရေ စာရင်းရော၊ ဓာတ်ပုံစာရင်းပါ ကျနော်တို့ ရုံးချုပ်မှာရော ပြည် နယ်မှာရော ဒေသမှာပါ ရှိနေပါ တယ်။ ဒါကြောင့်မိုလို့ ဒီလူတွေကို ပြန်လည် လက်ခံ စိစစ်တဲ့အခါမှာ ကွဲလွဲနိုင်မှု မရှိပါဘူး။ သို့ရာတွင် မွေးဖွားတဲ့သူ၊ ယခင်က ကြွင်းကျန်ခဲ့တဲ့သူ ရှိနိုင်ပါတယ်။ ဒါလေးကိုတော့ ကျနော်တို့က စိစစ်ပြီးတော့ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အလေးထား ဆောင်ရွက်နေပါတယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။