ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်မည့် ဆိပ်ကမ်းသစ်မှာ ကမ္ဘာ့ပင်လယ် ရေကြောင်း သွားလာရေးတွင် ကြားခံ ဆိပ်ကမ်းတခု ဖြစ်လာနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် သရက်တော ကျေးရွာနှင့် ကွမ်းခြံကုန်း မြို့နယ် တော်ခလူး ကျေးရွာ ကြား ဆောက်လုပ်မည့် ဆိပ်ကမ်းသစ်နှင့် ပတ်သက်၍ ဒေါ်နီလာကျော် က ဇွန်လ ၁၃ ရက် လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခြင်း ဖြစ်သည်။
“လမ်းပန်းဆက်သွယ်ရေး အနေနဲ့ ကြည့်မယ် ဆိုရင် ကမ္ဘာ့ရေကြောင်း သွားလာရေး အရ ကျမတို့ရဲ့ ရန်ကုန်မြို့ ဟာ Transit ဆောင်ရွက်နိုင်တဲ့ ဆိပ်ကမ်းတခု ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဇွန်လ ၅ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့သည့် ဆိပ်ကမ်းသစ် စီမံကိန်း အစီရင်ခံစာ၌ ဘက်စုံသုံး ဆိပ်ကမ်းသစ် ဆောက်လုပ်မည့် စီမံကိန်းအတွက် မြေဧက ၁၀၅၃ ဧက လျာထားသတ်မှတ်ကြောင်း သိရသည်။ ယင်းစီမံကိန်း ပထမ အဆင့်တွင် မြစ်ကမ်းနားအရှည် ၂ ဒသမ ၂ ကီလိုမီတာ တလျှောက်ရှိ မြေဧက ၅၀၀ ကို အကောင်အထည်ဖော်ရန် လျာ ထား သတ်မှတ်ထားကြောင်း ဖော် ပြထားသည်။
အဆိုပါ စီမံကိန်းကို သဘောမတူသူ အချို့ရှိနေသေးသော်လည်း လွှတ်တော်၌ မှတ်တမ်းတင်ခဲ့ပြီး စီမံကိန်း အသေးစိတ် ကို ပြန်လည် တင်ပြရမည်ဖြစ်ကာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို ဆက်လက် ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က ပြောသည်။
ဦးတင်မောင်ထွန်းက“သူတို့ အသေးစိတ်ကို တင်လာမယ်။ တင်လာတဲ့ဟာကို ကျနော်တို့ မကြိုက်ဘူးဆိုတဲ့ဟာကို ပယ်ဖျက်လို့ ရပါတယ်။ အကောင်းဆုံး ဝိုင်းဝန်း ဆွေးနွေးမယ်။ မကြိုက်တဲ့ ဟာကို ဖျက်ပစ်လို့ရတယ် ”ဟု ဆိုသည်။
စီမံကိန်း ရွေးချယ်ထားသည့် မြေနေရာသည် တောင်မြောက်ကို ဖြစ်စေ၊ ကုန်းတွင်းပိုင်းကို ဖြစ်စေ တိုးချဲ့နိုင်သည့် အပြင် မြစ်ကြောင်းဆုံရာ နေရာဖြစ်သဖြင့် အချက်အခြာကျပြီး ပြည်တွင်းပြည်ပ ရေကြောင်း ဆက်သွယ်ရေးကို ပိုမို တိုးတက်လာ နိုင်မည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောသည်။
“ရန်ကုန်မြစ်ကို ဖြတ်ပြီး အရှေ့အနောက် တံတားကြီးတွေ ပေါ်ထွန်းလာဖို့ရှိတဲ့ အတွက် ဒီဆိပ်ကမ်းဟာ ပိုလို့ အကျိုးဖြစ် ထွန်းလာဦးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ စီမံကိန်းကို ပုဂ္ဂလိကနှင့် တွဲဖက်ပြီး Public-private partnership (PPP) စနစ်ဖြင့် တည်ဆောက်သွားမည် ဖြစ် သဖြင့် ပြည်ထောင်စု အသုံးစရိတ် သို့မဟုတ် နိုင်ငံခြားချေးငွေဖြင့် တည်ဆောက်ရန် မလိုကြောင်း ဒေါ်နီလာကျော် က ရှင်းပြခဲ့သည်။
လက်ရှိ ရန်ကုန်ဆိပ်ကမ်း၏ အခြေအနေမှာ ရေစူးအနက်သည် လုံလောက်မှုမရှိသဖြင့် ကုန်တင် သင်္ဘောကြီးများ ဆိုက် ကပ်နိုင်ခြင်း မရှိသည့်အတွက် နိုင်ငံခြား ဆိပ်ကမ်းများတွင် ဆိုက်ကပ်ပြီးမှ သင်္ဘောအသေးများဖြင့် ကဲ့ယူနေရသည့် အခြေ အနေတို့ကြောင့် ဆိပ်ကမ်းသစ် တခု လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ၌ ကုန်သွယ်မှု ဆောင်ရွက်လျှက်ရှိသည့် ဆိပ်ကမ်း ၉ ခု ရှိသည့် အနက် ရေကြောင်း ကုန်သွယ်မှုများ၏ ၉၅ ရာခိုင်နှုန်း ကူးသန်းသွားလာနေသည့် ရန်ကုန် ဆိပ်ကမ်းသည် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် အဓိက အကျဆုံး ဖြစ် ကြောင်း အဆိုပါ စီမံကိန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိ ရန်ကုန်ဆိပ်ကမ်းတွင် သဘောၤ၂၆ စီး၊ သီလဝါတွင် ၂၀ စီး တပြိုင်တည်း ဆိပ်ကပ်နိုင်ပြီး စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံ တို့နှင့် တိုက်ရိုက် ကုန်သွယ်လျှက် ရှိ ကြောင်း စီမံကိန်း အစီရင်ခံစာ၌ ဖော်ပြထားသည်။