ရိုဟင်ဂျာမွတ်ဆလင်များကို ဆန့်ကျင်သည့် အမုန်းစကား ဟောပြောမှုများကြောင့် လူသိများသော ဘုန်းတော်ကြီး အများအပြားအပါအဝင် မြန်မာဗုဒ္ဓဘာသာဝင် သဘောထား တင်းမာသူများကို မကြာသေးခင်က Facebook နာမည်ပျက်စာရင်း သွင်းလိုက်ခြင်းက အပေါင်းလက္ခဏာဆောင်သည့် ခြေလှမ်းတရပ် ဖြစ်သည်။
သို့သော်လည်း Facebook သည် နိုင်ငံ အတွင်းတွင် ပဋိပက္ခကို ဖြန့်ချိရန် အလွဲသုံးစား ပြုလုပ်ခြင်းခံနေရသည့် တခုတည်းသော ဆိုရှယ်မီဒီယာ မဟုတ်ပါ။ တိကျစွာ ဆိုရလျှင် ပြီးခဲ့သည့် နှစ်အတွင်းက ရခိုင်ပြည်နယ်ရှိ လုံခြုံရေးစခန်းများကို ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည့် မွတ်ဆလင် စစ်သွေးကြွများက ပုံဖျက်ထားသော (Encrypted) မက်ဆေ့ချ်ပို့ အပလီကေးရှင်းတခု ဖြစ်သည့် WhatsApp ကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာခြင်း အပေါ် စိုးရိမ်မှုများ တိုးလာနေသည်။
ယမန်နှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ်မတော် (ARSA) ကို မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အစည်းတခု အဖြစ် ကြေညာခဲ့ပြီး ဖြစ်သည်။ မီဒီယာ သတင်းဖော်ပြမှုများအရ ARSA နှင့် ၎င်းတို့၏ နောက်လိုက်များသည် WhatsApp ကို တက်ကြွစွာ သုံးစွဲသူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။ သူတို့၏ အမြင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည် များသို့ ဆက်သွယ်မျှဝေရန် WhatsApp ကို အသုံးပြုခဲ့ကြသည်။ ထောက်ခံမှုများကို မြှင့်တင်ရန်၊ အဖွဲ့၏ စစ်ရေးလှုပ်ရှားမှု နောက်ဆုံး အခြေအနေများကို ထုတ်ပြန်ရန်နှင့် တရားဝင် သတင်းထုတ်ပြန်ချက် များကို ဖြန့်ဝေရန် အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုခဲ့ကြသည်။
အရှေ့အလယ်ပိုင်း သို့မဟုတ် အာရှ၏ အခြားနေရာများတွင် မှတ်ပုံတင်ထားသော တယ်လီဖုန်းများဖြင့် WhatsApp သုံးကာ မက်ဆေ့ချ် ပေးပို့သူများသည် ARSA အဖွဲ့ဝင်များ အမှန်တကယ် ဟုတ်/ မဟုတ်ကို သူတို့ မသိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည် အများအပြားက ရိုက်တာ သတင်းဌာနသို့ ပြောခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့များက မက်ဆေ့ချ်များကို စောင့်ကြည့်နေပြီး ဒုက္ခသည်စခန်းများအတွင်းတွင် ARSA ထောက်ခံသူများကို ရှာဖွေနေခြင်းကြောင့် ဒုက္ခသည်များ စိုးရိမ်နေကြသည်။
WhatsApp အသုံးပြုသည့် အကြမ်းဖက်သမားများနှင့် ရင်ဆိုင်နေရသည်မှာ မြန်မာနိုင်ငံ တခုတည်း မဟုတ်ပါ။ ပြီးခဲ့သည့် နှစ်အတွင်းက အင်္ဂလန်နိုင်ငံတွင် နေရာ ၃ ခု (Westminster၊ Manchester နှင့် London Bridge) တို့ကို သီးခြားစီ တိုက်ခိုက်မှု ကျူးလွန်ခဲ့သူများမှာလည်း သူတို့၏ တိုက်ခိုက်မှုများ မပြုလုပ်မီ အချိန် ကလေးမှာပင် WhatsApp မှတဆင့် မက်ဆေ့ချ်များ ပေးပို့ခဲ့ကြကြောင်း နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်။ သို့သော်လည်း မက်ဆေ့ချ်များသည် ပုံဖျက်ထားသောကြောင့် (Encrypted) ပါဝင်သည့် အကြောင်းအရာ များကို ရဲတပ်ဖွဲ့က မရရှိနိုင်ခဲ့ပါ။
အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ပြီး မြန်မာ ICT ဖွံ့ဖြိုးရေး အစိုးရ မဟုတ် သော အဖွဲ့အစည်း (NGO) တခု ဖြစ်သည့် MIDO ၏ အကြံပေးပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးနေဘုန်းလတ် က သူတို့ အပလီကေးရှင်းမှ တဆင့် ဝေမျှသည့် သံသယ ဖြစ်ဖွယ်ရာ မက်ဆေ့ချ်များနှင့် ပတ်သက်ပြီး WhatsApp အနေဖြင့် တာဝန်ယူသင့်ကြောင်း ပြောသည်။ ကုမ္ပဏီ အနေဖြင့် မည်သည့် အကြောင်း အရာကို စောင့်ကြည့်သင့်သည်၊ မည်သည့် မက်ဆေ့ချ်များကို ပိတ်ပင်သင့်သည် ဆိုသည့် မူဝါဒများ ရှိသင့်ကြောင်း သူက ထပ်ပြောသည်။
“ကုမ္ပဏီ အနေနဲ့ တာဝန်ယူမှုရှိအောင် မြန်မာအစိုးရက တိုက်တွန်း အားပေးဖို့လိုပါတယ်” ဟု ဦးနေဘုန်းလတ် က ဆိုသည်။
သို့သော်လည်း Facebook က ပိုင်ဆိုင်ထားသည့် WhatsApp က ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိရေးက အပလီကေးရှင်းအတွက် မရှိမဖြစ်လိုအပ်သည့် သွင်ပြင်လက္ခဏာ တခု ဖြစ်ကြောင်းပြောသည်။ မက်ဆေ့ချ် တိုင်းသည် အစမှ အဆုံးတိုင် (ပေးပို့ခြင်းမှသည် လက်ခံသည်အထိ) ပုံဖျက်ထားသည့် အတွက် WhatsApp ကိုယ်တိုင်သည်ပင်လျှင် ဝေမျှနေသည့် အကြောင်းအရာများကို တွေ့မြင်နိုင်ခြင်း မရှိပါ။
“ဘယ်ဖုန်းနံပတ်ကို မဆို တချက်ထိတို့လိုက်တာနဲ့ အလွယ်တကူ ပိတ်ပင်လို့ရအောင် WhatsApp အနေနဲ့ ပြုလုပ်ထားပါတယ်။ ပြဿနာရှိတဲ့ မက်ဆေ့ချ်တွေကို သတင်းပို့တိုင်ကြားဖို့ သုံးစွဲသူတွေကို WhatsApp က တိုက်တွန်း အားပေးထားပါတယ်” ဟု WhatsApp ၏ ပြောရေးဆိုခွင့် ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
ဦးနေဘုန်းလတ်က အစိုးရအနေဖြင့် Facebook နှင့် ဆက်သွယ်ဆောင်ရွက်သည်သာမက ဆိုရှယ် မီဒီယာပေါ်တွင် အမုန်းစကားနှင့် သတင်းအတုအယောင်များ ဖြန့်ဝေနေခြင်း အပါအဝင် မြန်မာနိုင်ငံတွင် လက်ရှိ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာများကို မက်ဆေ့ချ် ဝန်ဆောင်မှုပေးသည့် အခြားသော ကုမ္ပဏီများသို့လည်း ရှင်းပြသင့်ကြောင်း၊ ပြဿနာကို ဖြေရှင်းရာတွင် ကူညီရန် တိုက်တွန်းသင့်ကြောင်း ပြောသည်။
ပြီးခဲ့သည့် အပတ်အတွင်းတွင် Facebook ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ Simon Milner ဦးဆောင်သည့် Facebook ကိုယ်စားလှယ်အဖွဲ့တခု မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၎င်းတို့၏ ပလက်ဖောင်းပေါ်မှ အမုန်းစကား ပြဿနာများကို ဖြေရှင်းရေးအတွက် ကုမ္ပဏီက မည်သို့ ဆောင်ရွက်နေခဲ့ကြောင်း ဆွေးနွေးရန် မြန်မာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်နှင့် တွေ့ဆုံခဲ့သည်။
လူဦးရေ ၅၂ သန်းကျော် ရှိသော မြန်မာနိုင်ငံတွင် သုံးစွဲသူ ၁၈ သန်းရှိသော Facebook က သုံးစွဲမှု အများဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခု ဖြစ်သည်။ ၂၀၁၂ ခုနှစ်မှစ၍ အမျိုးသားရေး ဝါဒီများနှင့် သတင်း အတုအယောင်များ ဖြန့်ချိခြင်း အားဖြင့် ဘာသာရေးပဋိပက္ခ (အထူးသဖြင့် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ ကြားတွင်) ဖြစ်အောင် လှုံ့ဆော်လိုသည့် အခြားသူများက Facebook ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ကြသည်။
အမုန်းစကားများနှင့် ရိုဟင်ဂျာမွတ်ဆလင်များကို ဆန့်ကျင်သည့် ပဋိပက္ခအတွက်သွေးထိုးလှုံ့ဆော်မှုများက Facebook ပေါ်တွင် အင်အားကောင်းနေခဲ့သည်ဟု ကုလသမဂ္ဂက ပြောသည်။
ပြီးခဲ့သည့် နှစ်အတွင်းက ARSA ဦးဆောင်သည့် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သည့် အချိန်တွင် ရိုဟင်ဂျာ လူဦးရေ အများစု ရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေး တခု ပြုလုပ်ခဲ့သည်။ ထို စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ နီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ ထိုသို့ ထွက်ပြေး ခဲ့ရခြင်းကြောင့် တပ်မတော်၏ စစ်ဆင်ရေးသည် လူသား မျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုတခုနှင့် အလားတူသည်ဟု နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများနှင့် စွပ်စွဲမှုများ ပေါ်ပေါက်စေခဲ့သည်။