ရန်ကုန်ဘက်ကမ်း ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်း သမ္ဗာန်ဆိပ်မှ ဒလမြို့နယ် ကမာကသွယ် သမ္ဗာန်ဆိပ်သို့ မောင်းနှင်သည့် စက်တပ် သမ္ဗာန် ယမန်နေ့ညက နစ်မြုပ်မှုမှ ပျောက်ဆုံးနေသူ ၄ ဦးအား ယနေ့ ဇွန်လ ၁၄ ရက် မနက်ပိုင်း အထိ ရှာမတွေ့ သေးကြောင်း ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင် က ဧရာဝတီ သို့ ပြောသည်။
အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် ကိုယ်စားလှယ် ဦးထွန်းရင်က “ စက်လှေပန်ကာကို ဒိုက်(အမှိုက်) ပတ်ပြီး မျောပါသွားပြီး ရပ်ထားတဲ့ သင်္ဘောအောက် ဝင်သွားတာ။ မမြုပ်ခင် တဦးက ခံတွန်းခဲ့သေးတယ်။ နောက်မှ တခြမ်းစောင်း ပြီး မြုပ်သွားတာပေါ့” ဟု ပြောသည်။
ယင်း သမ္ဗာန်မှာ ဇွန်လ ၁၃ ရက် ည ၈ နာရီခွဲခန့်၌ ဆူးလေ ဆိပ်ကမ်း (၂/၃) ရှေ့ရေပြင် အရောက် စက်ပျက်၍ မျောပါ ပြီး ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် CB တွဲအောက်သို့ ဝင်ရောက်ကာ နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ နစ်မြုပ်မှုတွင် စက်လှေမောင်းသူနှင့် ခရီးသည် ၁၁ ဦး အနက် စုစုပေါင်း ၈ ဦးသာ ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သမ္ဗာန် နစ်မြုပ်ရာ၌ ပျောက်ဆုံးနေသူများမှာ ဒလမြို့နယ်၊ ဗညားဒလ ရပ်ကွက်မှ မဥမ္မာလွင်၊ ကမာကသွယ် ရပ်ကွက်မှ ဦးရာဂျားနှင့် မဒါနီ၊ ဆက်မြေရပ်ကွက်မှ မစန်းသီ ဆိုသူတို့ ဖြစ်ကြောင်း သိရသည်။
ကမာကဆစ် ဆိပ်ကမ်း သမ္မာန်အသင်း ဥက္ကဌ ဦးမြင့်ထူးက “ပျောက်တဲ့သူတွေ အခုထိ ပြန်မတွေ့သေးဘူး။ သမ္ဗာန် ၅ စီးနဲ့ ရှာဖွေရေး လုပ်နေကြတယ်” ဟု ပြောသည်။
ယင်းသို့ နစ်မြုပ်မှုနှင့် ပတ်သက်၍ သမ္ဗာန် မောင်းသူ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်နေ ကျော်မင်းအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၀/၃၃၇ ဖြင့် ဆိပ်ကမ်းမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းကလည်း ဒလမြို့နယ်၊ ကမာကဆစ် ဆိပ်ကမ်းဘက်မှ ရန်ကုန်၊ စဉ့်အိုး တန်းဆိပ်ကမ်းဘက်သို့ မောင်းနှင်စဉ် နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ခရီးသည် ၃ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။
အထက်ပါ သမ္ဗာန် နစ်မြုပ်မှုဖြစ်စဉ် နှစ်ခုသည် စက်သမ္ဗာန် ပန်ကာအား ဒိုက်များပတ်ကာ မျောပါ နစ်မြုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒလဘက်ကမ်း၌ ကမာကဆစ်၊ ကမာကသွယ်နှင့် ဆက်မြေဆိပ်ကမ်း တို့တွင် ကူးတို့ စက်တပ်သမ္ဗာန် များမှာ အစီးရေ ၁၀၀ ခန့်ရှိပြီး CB တွဲများ၊ သင်္ဘောများက ကမ်းနှင့် နီးကပ်စွာ ၃၊ ၄ စီးတွဲရပ်ထားမှုများကြောင့် စက်သမ္ဗာန် မောင်းနှင်ရန် လမ်းကြောင်းမှာ ကျဉ်းမြောင်းလျှက်ရှိကြောင်း ဦးထွန်းရင် က ရှင်းပြသည်။
ယင်းသို့ သင်္ဘောကြီးမှာ ရပ်နားမှုနှင့် ပတ်သက်ပြီး စက်သမ္ဗာန်များနှင့် လွတ်ကင်းမှုရှိကာ အန္တရာယ်ကင်းသည့် နေရာ များတွင် ရပ်နားရေး အတွက် ဆောင်ရွက်ပေးရန် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က တိုင်းလွှတ်တော်တွင် မေးမြန်း ဆွေးနွေးခဲ့သော်လည်း ယနေ့တိုင် သင်္ဘောများမှာ ဆိပ်ကမ်းများနှင့် နီးကပ်စွာ ရပ်နေ ဆဲဖြစ်ကြောင်း သိရသည်။