နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) သည် မြန်မာ-အိန္ဒိယ ၂ နိုင်ငံရှိ နာဂများ စုစည်း၍ နာဂပြည် ထောင်စု ထူထောင်ရေး ရည်မှန်းချက်ကြောင့် ခွဲထွက်ရေးကို လက်မခံနိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွန်ကြား ရေးမှူးချုပ် (ခေတ္တ) ဦးဇော်ဌေး က ဧရာဝတီ သို့ ပြောသည်။
ဦးဇော်ဌေးက “NSCN-K က ဟိုဘက်မှာ အိန္ဒိယဘက်မှာ အဖွဲ့ရှိတယ်။ ဒီဘက်မှာ အဖွဲ့ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မူဝါဒက ဘာလဲဆိုရင် မြန်မာနိုင်ငံရဲ့ ပိုင်နက် နယ်မြေ နယ်နိမိတ်မှာ အခြေစိုက်ပြီးတော့ အိမ်နီးချင်း နိုင်ငံကို ပြန်ပြီးတော့ တိုက်ခိုက်တာမျိုး လက်မခံဘူး” ဟု ပြောသည်။
NSCN-K သည် သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်က ပြည်နယ် အဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ထားသော်လည်း ပြည်ထောင်စု အဆင့် လက်မှတ်ထိုးရေးနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးရေး ဆွေးနွေးမှုများ မရှိ သေးပေ။
အဆိုပါ ဆွေးနွေးမှုများ မရှိခြင်းသည် NSCN-K အနေနှင့် မြန်မာနိုင်ငံအတွင်းမှ ခွဲထွက်မည် ခွဲမထွက် ဆိုခြင်း အပေါ် အာမခံမှု မပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု အစိုးရဘက်က ဆိုသည်။
NSCN-K သည် မြန်မာ-အိန္ဒိယ နယ်စပ်တွင် အခြေစိုက်ပြီး အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ အိန္ဒိယ အစိုးရကို ပြည်နယ်ခွဲထွက်ရေး တောင်းဆို တိုက်ခိုက်နေသော နာဂလက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း သိရသည်။
NSCN-K သည် မြန်မာ-အိန္ဒိယ နယ်စပ် မဏိပူရ ပြည်နယ်အတွင်း ဝင်ရောက်၍ အိန္ဒိယ၏ လုံခြုံရေး တပ်ဖွဲ့ဝင် များကို ၂၀၁၈ ခုနှစ် နှစ်စမှ မေလ အထိ ၈ ကြိမ်တိုင် ခြုံခို တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ်၌လည်း ၂၂ ကြိမ် ခြုံခို တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း အိန္ဒိယဘက် သတင်းရင်းမြစ်များ ထံက သိရသည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး၏ တာဝန်ရှိသူ ဦးဇော်ဌေး ပြောဆိုချက်နှင့် ပတ်သက်၍ NSCN-K ဘက်အား မေးမြန်းရာ၌ တစုံ တရာ တုံ့ပြန် ပြောကြားခြင်း မရှိပေ။
NSCN-K ၏ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “အဲဒါကျတော့ ကျနော့်အနေနဲ့ ဖြေလို့ မရဘူး။ NSCN-K ဥက္ကဋ္ဌ ရုံးကနေ ပဲ ဖြေကြားပေးလို့ ရမယ်” ဟု ဧရာဝတီ ကို ပြောသည်။
နာဂ လူမျိုးများ လွတ်မြောက်ရေး အတွက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN) ကို ၁၉၈၀ တွင် အိန္ဒိယရှိ နာဂ များနှင့် မြန်မာရှိ နာဂများ ဖွဲ့စည်းခဲ့ပြီးနောက် သဘောထားများ ကွဲလွဲခဲ့ကြရာမှ ၁၉၈၈ ခုနှစ်၌ NSCN-K နှင့် NSCN-IM (အိန္ဒိယ) အဖွဲ့တို့ ပေါ်ပေါက်လာကြောင်း သိရသည်။
ထို့နောက် NSCN-K သည် မြန်မာ-အိန္ဒိယ နယ်စပ်တွင် အခြေစိုက်ကာ အိန္ဒိယ အစိုးရကို နာဂပြည်ထောင်စု ထူထောင်ရေး အတွက် တောင်းဆို တိုက်ပွဲဝင်နေပြီး NSCN-IM ( အိန္ဒိယ) ကမူ အိန္ဒိယ၌ အခြေစိုက်၍ နာဂအရေး ဆောင်ရွက်နေကြောင်း သိရ သည်။
အိန္ဒိယနိုင်ငံတွင် အခြေစိုက်သော NSCN-IM (အိန္ဒိယ) က အိန္ဒိယအစိုးရနှင့် ၂၀၁၃ ခုနှစ်၌ အပစ်အခတ်ရပ်စဲရေး စာချုပ် လက် မှတ်ထိုးကာ ယင်းနှစ်မှ စတင်ပြီး မူဘောင်တခုကို ရေးဆွဲနေကြောင်း သိရသည်။
အဆိုပါ NSCN-IM ကို အိန္ဒိယရှိ နာဂလူမျိုးများက ထောက်ခံမှု ရှိပြီး NSCN-K ကိုမူ အိန္ဒိယရှိ နာဂလူမျိုးများက ယုံကြည် မှု လျော့နည်းလျက် ရှိကြောင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အိုးခရုခရိုင်အတွင်း နေထိုင်သူများ က ဆိုသည်။
အိန္ဒိယဘက်ခြမ်းမှ နာဂလူငယ် တဦးက “ NSCN-IM (အိန္ဒိယ) က နာဂတွေရဲ့ အချုပ်အခြာ အာဏာရအောင် ကြိုးစားနေတယ်။ NSCN-IM (အိန္ဒိယ) ကို အိန္ဒိယက နာဂတွေ အများဆုံး ထောက်ခံတယ်။ NSCN-K က အိန္ဒိယကို လာပြောရမယ်။ အခု NSCN-K က မလာဘူး။ သူတို့ရဲ့ လုပ်ငန်းစဉ် ဘာမှန်းကို မသိရဘူး။ NSCN-K က နိုင်ငံ လုပ်ချင်ရင် လူထုနဲ့ လာတွေ့ရမယ်။ ရှင်းပြရမယ်။ အော်နေလို့ မရဘူး။ သူတို့ ဘာမှ မပြောတော့ လူထု ဘာမှ လုပ်မရဘူး” ဟု ပြောသည်။
လက်ရှိတွင် NSCN-K ကို အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးရန် တံခါး ဖွင့်ထားသော် လည်း ခွဲထွက်ရေးဆိုသော အချက်ကို မေ့ထားရမည်ဖြစ်ကြောင်း ဆိုကြသည်။
ဦးဇော်ဌေးက “ကျနော်တို့ အဲဒါကို လက်မခံဘူးလေ။ အခု ကျနော်တို့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေတောင် ခွဲမထွက် ရေးကို ကတိကဝတ်ပြုဖို့ ညှိနေတယ်။ ပြည်ထောင်စုကနေ ခွဲထွက်မယ်ဆိုမှတော့ ဘာလို့ ငြိမ်းချမ်းရေး ဆွေးနွေးမှာလဲ။ ကျနော်တို့ ဖက်ဒရယ် ဆိုတာ ပေါင်းစည်းရေးအတွက် သွားတာ၊ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူး”ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ သမိုင်းကြောင်း၌ ဖက်ဒရယ်နှင့် ဖက်ဒရယ်မူအရ ခွဲထွက်ရေးများ အပေါ် တောင်းဆိုခဲ့သည့် မူရှိခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် နိုင်ငံတော် အာဏာ ယူရသည့် ဖြစ်စဉ်များ ရှိကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
ဦးဇော်ဌေးက “ ဒီမြန်မာနိုင်ငံမှာပဲ တစုတဝေးထဲရှိတဲ့ ပြည်ထောင်စုနဲ့ပေါ့။ သူတို့ နေမယ်ဆိုတဲ့ တချက်ပေါ့။ အဲဒီတော့ သူတို့ NCA ထိုးမယ် ဆိုရင်တော့ တမျိုးပေါ့နော်။ သို့သော် သူတို့သည် နာဂပြည်နယ် ထူထောင်ရေးနဲ့ အိန္ဒိယဘက်ခြမ်းနဲ့ ဒီ မြန်မာနိုင်ငံ ဘက်ခြမ်းနဲ့ ပေါင်းပြီးတော့ လုပ်တဲ့ဟာမျိုးဆိုရင်တော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရှိ ဘူး။ ပါဝင်လို့လည်း မရဘူး။ အစိုးရ အနေနဲ့ ဖိတ်ခေါ်မှာလည်း မဟုတ်ဘူး” ဟု ပြောသည်။
NSCN-K နှင့် ငြိမ်းချမ်းရေးကော်မရှင်(PC)တို့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ယနေ့တိုင် ဆွေးနွေးမှု မရှိ ကြောင်း သိရသည်။
NSCN-K ၏ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “အခုထိကတော့ ဆွေးနွေးတယ်ဆိုတာတော့ မရှိဘူး။ သို့သော်လည်း ကျနော်တို့ တနိုင်ငံတည်းမှာပဲ နေထိုင်တယ်ဆိုတော့ အဖွဲ့အစည်း တဖွဲ့ချင်းစီရဲ့ လုပ်ဆောင်မှု အခြေအနေအပေါ်မှာပဲ သုံးသပ်ပြီးတော့ နေထိုင်တာပေါ့။ တယောက်နဲ့ တယောက် ငြိမ်းချမ်းအောင် ဖန်တီးပြီးပဲ နေထိုင်နေပါတယ်” ဟု ပြော သည်။