မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ် အောင်သစ်လွင် ရပ်ကွက်၌ မိုးသည်းထန်မှုကြောင့် ယနေ့ နံနက်ပိုင်းက မြေပြိုကျ မှု ဖြစ်ပွားရာ နေအိမ် ၃ လုံး ပျက်စီးပြီး မိသားစုဝင် ၅ ဦး သေဆုံးကြောင်း သိရသည်။
မိုးကုတ်မြို့နယ် ကသည်းကျေးရွာ အုပ်စု၊ အောင်သစ်လွင် ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မိုးကုတ်မြို့နယ် မဲဆန္ဒ နယ် အမှတ်(၂)၊ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင် က ပြောသည်။
“လောလောဆယ် အခြေအနေကတော့ မိုးကလည်း တပတ်လုံး သည်းသည်းထန်ထန် ရွာထားတော့ မနက် ၄ နာရီ လောက် က အောင်သစ်လွင် ရပ်ကွက် တောင်စောင်းမှာ ရှိတဲ့ အိမ် ၃ လုံးပြိုပါတယ်။ အိမ် ၂ လုံးကတော့ လူမရှိဘူး။ ကျန်တဲ့ အိမ် တလုံး က လူ ၅ ယောက်တော့ မြေပြိုပြီးတော့ ဆုံးသွားပါတယ်” ဟု ဦးစောသောင်းတင်က ပြောပြသည်။
အဆိုပါ မြေပြိုကျမှုကြောင့် သေဆုံးသွားသည့် မိသားစုဝင် ၅ ဦး၏ ရုပ်အလောင်းများကို မိုးကုတ်မြို့နယ် ကျပ်ပြင် ပြည်သူ့ ဆေးရုံသို့ ပို့ထားကြောင်း၊ နေအိမ်ပျက်စီးခဲ့သည့် မိသားစုဝင်များအား အောင်သစ်လွင် ရပ်ကွက်ရှိ တရုတ်ဘုံကျောင်း၌ နေရာ ချပေးထားကြောင်း သိရသည်။
“လောလောဆယ် အဲဒီ ရပ်ကွက်မှာရှိတဲ့ တရုတ်ဘုံကျောင်းမှာ ယာယီစခန်းလေး ဖွင့်ပေးထားပါတယ်။ လူဦးရေ မများ ပါဘူး။ အိမ် ၂ လုံးအတွက်ပဲ ဖြစ်တယ်။ သေဆုံးတဲ့ သူတွေကတော့ ရင်ခွဲရုံကို ပို့ထားပြီး ရဲတပ်ဖွဲ့က သေမှုသေခင်း စစ် နေပါတယ်။ နောက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဌာနကို သတင်းပို့ထားတဲ့ အတွက် မနက်ဖြန် လာကြမယ် လို့တော့ သတင်း ရထားပါတယ်” ဟု ဦးစောသောင်းတင်က ဆက်လက် ပြောသည်။
ယခု ရက်ပိုင်း၌ မိုးရက်ရှည် ရွာသွန်းခဲ့မှုကြောင့် မိုးကုတ်မြို့နယ်အတွင်း မြို့အဝင်၊ ဘီးတောင် ရပ်ကွက်၊ ပိန်းပြစ် စသည့် နေရာများ၌ မြေပြိုမှုများ ရှိနေသည့်အပြင် မြေပြိုကျမှု၊ မြေအက်မှုများလည်း ရှိနေသဖြင့် အန္တရာယ်ရှိနိုင်သည့် နေအိမ် များအား သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြောင်းရွှေ့မှုများကို ကူညီ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
“မြေပြိုတာကတော့ များပါတယ်။ ကျေးရွာလေးတွေမှာလည်း ဖြစ်ပွားတာတွေရှိတယ်။ လူသေတာတော့ မရှိဘူး။ မြေပြို မှု ဖြစ်တာက မနေ့က တရက်တည်းကို မိုးကုတ်မြို့အဝင်မှာ တနေရာပြိုပါတယ်။ မြို့ထဲက ဘီးတောင် ရပ်ကွက်မှာလည်း ပြို တယ်၊ ပိန်းပြစ် ကျေးရွာမှာ ပြိုတယ်။ တောင်စောင်းမှာရှိတဲ့ ကျေးရွာတွေ တော်တော်များများ ပြိုပါတယ်”ဟု ဦးစောသောင်းတင် က ပြောသည်။
ယခုကဲ့သို့ မြေပြိုကျမှု ဖြစ်ပွားသည့် နေအိမ်များမှာ တောင်ကမ်းပါးယံများ၌ အဆင့်ဆင့် တည်ဆောက်ထားကြသည့် အိမ် များဖြစ်သည့် အတွက် မိုးများသည့် အခါမြေပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း အဆိုပါ ဒေသခံများက ပြော ပြ သည်။
ကသည်း ရပ်ကွက်ဒေသခံ ဦးစိန်မြင့်က“တောင်ကြောတွေမှာ ဆောက်ထားတဲ့ အိမ်တွေ မြေသားအိပြီး ပြိုတာပေါ့။ ဖြစ်တာ ကတော့ တမြို့နယ်လုံးပဲလို့ ပြောရ မှာပေါ့။ လူသေဆုံးတဲ့ နေရာကလွဲရင် ကျန်တဲ့နေရာကတော့ ထိခိုက်မှုမရှိပါဘူး။ နေအိမ် တချို့ အနည်းငယ် ပျက်စီး တာပဲ ရှိပါတယ်”ဟု ပြောသည်။
ယခုအခါ မြေပြိုကျမှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အပျက်အစီးများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖများနှင့် ပရဟိတ အဖွဲ့များက ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။
“ကျနော်တို့မြို့က တောင်စောင်းတွေမှာ နေကြရတဲ့ အနေအထားမှာ ရှိတာဆိုတော့ နေရာအနှံ့မှာတော့ မြေပြိုတာတွေ ရှိပါ တယ်။ ကြီးကြီးကျယ်ကျယ် ပျက်စီးဆုံးရှုံးတာတော့ မရှိပါဘူး။ အသက်ဆုံးရှုံးသွားတာ ဒီ ၅ ယောက်ပဲ ရှိပါတယ်။ ပျက်စီး ဆုံးရှုံးမှု အခြေအနေကို ဌာနဆိုင်ရာများရဲ့ ခန့်မှန်းမှုလည်း မရသေးတော့ ဘယ်လောက် ပျက်စီးခဲ့တယ်ဆိုတာ ကို ပြောလို့ မရသေးဘူး” ဟု ဦးစောသောင်းတင် က ပြောသည်။
ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တို့နှင့် နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူး တိုင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းမည်ဟု ဇွန်လ ၁၄ ရက်တွင် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။