တိုင်းရင်းသား အမည်များရှေ့တွင် ဒေါ်/ဦး တပ်ပြီး ရေးသား ခေါ်ဆိုကြသည်မှာ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ကို တိုက်ခိုက် ထိပါးလိုခြင်း မဟုတ်ဘဲ အရိုအသေပေးခြင်းသာ ဖြစ်သဖြင့် အပြန်အလှန် နားလည် ကြရန် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။
ယနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒေသခံ ပြည်သူများ စကား ဝိုင်း ၌ မွန်အမျိုးသမီး လူငယ်တဦးက မွန်ယဉ်ကျေးမှုအရ မှည့်ထားသည့် အမည်ရှေ့ တွင် ဗမာမှုပြု၍ ဒေါ်တပ်ခြင်းကို မနှစ်သက်ကြောင်း ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြန်လည် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “တိုက်ခိုက်ချင်လို့ ထိပါးချင်လို့ လုပ်တာ မဟုတ်ပါဘူး။ ဒေါ်တို့၊ ဦးတို့ဆိုတာက အရိုအသေ ပေးတဲ့ သဘောပါ။ မကြိုက်ဘူးဆိုရင် ဘာ့ကြောင့် မကြိုက်တာလဲ။ ကျမကတော့ ရှေ့က ဒေါ်မထည့်ပါနဲ့ ဆိုပြီး သာမာန် စာရေးတဲ့ အခါမှာတော့ ပြောလို့ ရပါတယ်။ ဒါပေမယ့် မှတ်ပုံတင်တို့ အစိုးရရဲ့ တရားဝင် စာတမ်းတွေမှာ တော့ သူတို့ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းတကျ လုပ်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် မွန်စေတနာ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ မိငွေလေးက ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲတွင် ၎င်း၏ အစ်မဖြစ်သူ ရွေးကောက်ပွဲ ဝင်ပြိုင်ရာ မိလဝီဟန် ဟူသည့် အမည်ကို ဒေါ်မိလဝီဟန်ဟု ရွေးကောက် ပွဲ ကော်မရှင်က “ဒေါ်”တပ်ခဲ့ကြောင်း၊ ပြင်ပေးရန် ပြောရာတွင်လည်း ကော်မရှင်က ထည့်ကို ထည့်ရမည် ဟု ပြောဆိုခဲ့၍ “ဒေါ်”တပ်ခဲ့ရကြောင်း၊ ထိုကဲ့သို့ နောက်တကြိမ် မပြုလုပ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြ ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မတူညီသည့် တိုင်းရင်းသား ယဉ်ကျေးမှုများကြား အားလုံး စုပေါင်း နေထိုင်ရာတွင် အဘက် ဘက် မှ အပြန်အလှန် နားလည်မှု ပေးရန် လိုကြောင်း၊ တိုင်းရင်းသား အမည်နာမများ ရှေ့တွင် ဦး/ဒေါ် တပ် ခေါ်ခြင်းမှာ နှိမ်သည့် သဘောလည်း မဟုတ်ကြောင်း၊ ဗမာယဉ်ကျေးမှု အရ အသက်အရွယ် အလိုက် အမည် နာမ ရှေ့တွင် ကို/မ၊ ဦး/ဒေါ် တပ်ခေါ်ခြင်း ရေးသားခြင်းမှာ ရိုသေလေးစားသမှုဖြင့် လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ရှင်းပြ သည်။
“မွန်ယဉ်ကျေးမှုအကြောင်း သိပ်မသိတဲ့သူတွေက ရိုင်းရာကျမယ် ဆိုပြီး ဒေါ်မိငွေလေးတို့ မမိငွေလေးတို့ ခေါ်ရင် ခေါ် လိမ့်မယ်။ ဒါက သူတို့ မွန်ယဉ်ကျေးမှုကို တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ သမီးကို တိုက်ခိုက်ချင်လို့လည်း မဟုတ်ဘူး။ သူတို့ နားလည်သလို သူတို့ ပြောတာပါ။ ကျမတို့ ရဲ့ တိုင်းရင်းသားဝန်ကြီး ဆိုရင်လည်း တချို့က ဦးနိုင်သက်လွင် လို့ ခေါ်တာပဲ။ ဒါက ရိုသေသော အားဖြင့် လေးစားသော အားဖြင့် ခေါ်တာပါ။ နှိမ်ချတဲ့ အားဖြင့် ခေါ်တာ မဟုတ်ပါဘူး” ဟု လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
မွန် တိုင်းရင်းသား လူမျိုးများ အပြင် ရှမ်းတိုင်းရင်းသား လူမျိုးများ၏ အမည်ရှေ့တွင်လည်း စိုင်း၊ နန်း စသည်ဖြင့် ပါရှိ ကြပြီး ထိုရှေ့တွင် ဦး၊ဒေါ် ၊ ကို၊ မ တပ်ခေါ်ပါက တိုင်းရင်းသားအမည်ကို ဗမာမှု ပြုသည်ဟုဆိုကာ တိုင်းရင်းသားများ ကြား ဝေဖန် ပြောဆိုမှုများလည်း ရှိသည်။
ထို့အတူ အခြား တိုင်းရင်းသား လူမျိုးများ၏ အမည်ရှေ့တွင်လည်း ယဉ်ကျေးမှုအရ အသက်အရွယ် အလိုက် ရာထူး အလိုက် ရှေ့တွင် ပြောင်းလဲ ခေါ်ဆိုကြသည့် ယဉ်ကျေးမှုအရ သတ်မှတ်ထားချက် အမည်များ ရှိကြသည်။
သို့သော် မြန်မာနိုင်ငံတွင်း အစိုးရ၏ ရုံးသုံးစာမှာ မြန်မာ(ဗမာ)စာကိုသာ အသုံးပြုသဖြင့် တိုင်းရင်းသားများ၏ အမည် များကို ဗမာယဉ်ကျေးမှုအရ ကို၊မ၊ဦး၊ဒေါ် တပ်၍ ရေးသားကြခြင်း ဖြစ်သည်။
ဗမာ တိုင်းရင်းသားများနှင့် အခြား တိုင်းရင်းသားများကြား စာပေ၊ ယဉ်ကျေးမှုများ ရပိုင်ခွင့် အခွင့်အရေး တန်းတူ မရ ရှိသဖြင့် တိုင်းရင်းသား အမည်နာမများရှေ့တွင် ကို၊မ၊ဦး၊ဒေါ် တပ်၍ ရေးသားခြင်း၊ ခေါ်ဝေါ်ခြင်းကို မနှစ်သက်ကြ သူ များလည်း ရှိသည်။
တိုင်းရင်းသားရေးရာ လူမျိုးများ ဝန်ကြီးဌာန၊ ဒုအမြဲတမ်း အတွင်းဝန် ဦးအေးမင်းကိုက “မှတ်ပုံတင်မှာဆိုရင် ကျနော်တို့ လဝက ကို ညှိထားဖူးပါတယ်။ တိုင်းရင်းသား နာမည်တွေ အမည်မှန်ဖြစ်ဖို့အတွက် ဆောင်ရွက်ပေးပါ။ ဆောင်ရွက်တဲ့ နေရာမှာ သူတို့ ဝန်ကြီးက ပြောတယ်။ တိုင်းရင်းသားတွေရဲ့ နာမည်လေးတွေကို သူတို့ပြောတဲ့ အတိုင်း ထည့်ပေးပါ မယ်။ ညွှန်ကြားပြီးပြီလို့ လဝက ဝန်ကြီးက ကျနော်တို့ကို ပြောဖူးပါတယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ယဉ်ကျေးမှုများကို အပြန်အလှန် နားလည်မှု မရှိသဖြင့် တဦးနှင့် တဦး လေးစားမှု မရှိဘူး ဟု ထင်နိုင်ကြောင်း၊ အမှန်မှာ မလေးစားခြင်း မဟုတ်ဘဲ နားမလည်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
“နားမလည်တဲ့ အပေါ်မှာ အခြေခံပြီး မလေးစားမှုတွေ ဖြစ်သွားမှာကို သိပ်ပြီး စိုးရိမ် ရပါတယ်။ မလေးစားမှု ရှိတယ် ထင်ပြီး အမုန်းတရားတွေ ဖြစ်သွားမှာကိုလည်း ကျမတို့ သတိထားရပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
တဦးနှင့်တဦး အပြန်အလှန် နားလည်ကြရန် တဦးပြောသည်ကို တဦးက နားထောင်ကြရန် လိုကြောင်း၊ နားထောင်မှ နှစ်ဖက်ကြား ကွာခြားချက်ကို သိပြီး တဖက်နှင့် တဖက် နားလည်ကာ လေးစားမှု ရှိမည် ဖြစ်ကြောင်း၊ လေးစားမှသာ ယုံကြည်မှု တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး တွင်လည်း ထိုကဲ့သို့ လုပ်ဆောင်ရန် လိုကြောင်းလည်း ၎င်းက ပြောသည်။
ယနေ့ မွန်ပြည်နယ်တွင် ပြုလုပ်သည့် စကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က လူငယ် ၈ ဦးနှင့် အပြန်အလှန် အမေး အဖြေနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး စကားဝိုင်းတွင် ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်းသား စာပေ သင်ကြားခွင့် နှင့် မွန်ပြည်နယ်တွင်း လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ၂နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။