တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများကို တရားမဝင် လက်ဝယ်ထားခြင်း၊ ရောင်းဝယ်ဖောက် ကားခြင်း ပြုလုပ်နေသူ များကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်များအရ ဇွန်လ ၇ ရက်မှ ၁၁ ရက် အတွင်း ဆင်သားရေနှင့် တောရိုင်းတိရစ္ဆာန် အစိတ် အပိုင်းများ ဖမ်းဆီးရမိသည့် အမှုပေါင်း ၆ မှုရှိကြောင်း တွေ့ရှိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေ သိန်းဇော်(၅၂)နှစ် ၏ နေအိမ်အတွင်းမှ ဆင်စွယ်၊ ပြောင်ခေါင်း(ဦးချိုစုံပါ)၊ စိုင်ခေါင်း၊ ဆတ်ခေါင်း၊ သမင်ခေါင်း၊ ကျားဝက်(အရိုးစုံ)၊ ဖြူအစာအိမ်၊ တောင်ဆိတ်ခေါင်း(ဦးချိုစုံပါ)၊ ဝက်ဝံသားရေ/ခေါင်း စသည်တို့အပါအဝင် တိရစ္ဆာန်အစိတ်အပိုင်းချိတ်ဆွဲရာတွင် အသုံးပြု သည့် ဒိုင်းပုံကျွန်းပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဇွန်လ ၉ ရက်တွင် ပြည်မြို့ ရွာဘဲရပ်ကွက်နေ သိန်းထွန်း(၄၉)နှစ်၏ နေအိမ်တွင်လည်းကောင်း၊ ကျောင်းကြီးအိုးတန်းရပ် ကွက်နေ ကျော်ထွန်း(ခ)ရုံးလီ(၅၁)နှစ်၏ နေအိမ်တွင်လည်းကောင်း တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြန်သည်။
ယင်းနေ့မှာပင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့နေ ဇော်ဝင်းမောင်(၃၂)နှစ်၏ နေအိမ်နှင့် တံတားဦးကျေးရွာနေ ဝင်းမြင့်အောင်(၃၇)နှစ်၏ နေအိမ်တို့မှ ဆတ်ခေါင်း၊ ဆတ်ကြုတ်ချို၊ ဂျီခေါင်း၊ တောဝက်ဆွယ်၊ လိပ်ရင်ဘတ်၊ တောင်ဆိတ် သားရေပြား၊ တောဝက်သည်းခြေ၊ ဝက်ဝံလက်သည်း၊ ဂျီသားရေ အစရှိသည့် တောရိုင်းတိရစ္ဆာန်များ၏အစိတ်အပိုင်းများကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၃)ရပ်ကွက်ရှိ ခင်မောင်ဝင်း(ခ) ဦးစတီး(၄၃)နှစ်၏ နေအိမ်သို့ သတင်းအရ သွားရောက်ရှာဖွေရာ နေအိမ်မြေအောက်ခန်းအတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် ဆင် သားရေ ၆ ပိဿာ ၊ သမင်ချို ၂၂ အိတ်(၄၀၈.၅ ပိဿာ)၊ ပြောင်ချို ၂၂ အိတ်(၄၃၂.၉၃ ပိဿာ)၊ သမင်/ဆတ်ချို ၁၄၇ စုံ (၂၅၇.၈၈ ပိဿာ)၊ တောင်ဆိတ်ချို ၃၃ စုံ(၇.၆ ပိဿာ)၊ ကြောင်သားရေ ၄ ခု(၁.၁၃ ပိဿာ)၊ ဂျီသားရေ (၁.၀၉ ပိဿာ)၊ မြွေအရေခွံ ၁ ခု (ဝ.၉ ပိဿာ)နှင့် တိရစ္ဆာန်ဦးခေါင်းမျိုးစုံ ၁၀ လုံး(၄.၉၆ ပိဿာ)တို့ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ခင်မောင်ဝင်း(ခ) ဦးစတီး၏နေအိမ်ကိုု ဇွန်လ ၁၁ ရက်တွင် အသေးစိတ်ရှာဖွေခဲ့ရာ နေအိမ် အိပ်ခန်းနံရံကပ်ဗီရိုအပေါ် ထပ်၌ ဆာလာအိတ် ၂ အိတ်ဖြင့် ထည့်ထားသည့် ငွေကျပ် ၉၄၃ သိန်း၊ နံရံတွင် ချိတ်ဆွဲထားသည့် ပြောင်ချို ၃ ခု၊ သမင်ချို ၇ ခု၊ ဆတ်ချို ၂၈ ခုတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမျိုးသစ် က “ကျနော်တို့ တက်လာတဲ့သက်တမ်းမှာတော့ ပထမဆုံးအကြိမ်ပဲ ဒီလို များများမိတာ” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု လျော့ကျစေရန်ရည်ရွယ်ပြီး သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာ၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဝန်ထမ်း ၂၀၀ ခန့်ကို အသိပညာပေးသင်တန်းပြုလုပ်ပေးခဲ့ပြီး မန္တလေးမှ ပြင်ဦးလွင်သွားသည့် ၁၆ မိုင်ဂိတ်ရှိ သစ် တောဌာနတွင်လည်း အသိပညာပေး ပိုစတာများ ကပ်ထားကြောင်း ရှင်းပြသည်
“အဓိကက တရုတ်ပြည်ပဲ သွားဖို့များပါတယ်။ အဓိကက ဝယ်လက်ပဲ။ ဒီတောရိုင်းတိရစ္ဆာန်ဖမ်းတဲ့ သူတွေကို ဖမ်းတာတမျိုး။ ဒါပေမယ့် ဝယ်လက်မရှိရင် ဈေးကွက်မရှိရင် လူတွေက ဖမ်းတော့၊ ရောင်း တော့မှာမဟုတ်ဘူး။ ဝယ်လက်ကို ဖမ်းမိဖို့ အရေးကြီးပါတယ်” ဟု ဝန်ကြီးဦးမျိုးသစ်က ပြောသည်။
အဆိုပါအမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးဌာနကြီး မှုခင်းဌာနစိတ်မှတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု အလွန်ကြီးမားလာသည့် အတွက် နိုင်ငံတော်အ ဆင့် ညွှန်ကြားချက်များနှင့် အညီ သက်ဆိုင်ရာတာဝန်ရှိသူများက ဖိဖိစီးစီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS) မြန်မာ၏ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးအောင်ကျော်က ဧရာဝတီကို ပြောပြသည်။
WCS နှင့် WWF တို့သည် တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးရေး ဆိုင်ရာ အသိပေးမှုများပြု လုပ်နေသကဲ့သို့ အစိုးရ၏လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် နားလည် မှုစာချွန်လွှာရေးထိုးထားသည်။
ယင်းအဖွဲ့အစည်းများအနေဖြင့် ဖမ်းဆီးရေးအပိုင်းတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်၍ မရသော် လည်းပဲ လိုအပ်သည်များ ကို ဝင်ရောက်ကူညီပေးနေကြောင်း “မန္တလေးမှာမိတာဆိုရင် ဘာအမျိုး အစားတွေပါသလဲဆိုတဲ့ မျိုးစိတ်ခွဲခြားပေးတာမျိုးပါ ဝင်ကူညီဆောင်ရွက်ပေးနေတယ်” ဟု ဦးအောင်ကျော်က ရှင်းပြသည်။
“အရင်က ကူတာကူညီရတယ် ဒီလောက်ထိ ထိရောက်မှု သိပ်မရှိတဲ့အခါကျ အားမရဘူး။ အခု နိုင်ငံ တော်အဆင့်ကနေ ဖိဖိ စီးစီးနဲ့ တွန်းအားပေးဆောင်ရွက်လာတာ အားရတယ်။ တရားမဝင် ရောင်း ဝယ်ဖောက်ကားမှုမရှိမှ တောရိုင်းတိရစ္ဆာန်ထိန်း သိမ်းရေး မြန်မာ့အမွေအနှစ်ထိန်းသိမ်းရေးမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု လျော့ကျစေရန်ရည်ရွယ်ပြီး သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာ၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့်မေလနောက်ဆုံးပတ်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဝန်ထမ်း ၂၀၀ ခန့်ကို အသိပညာပေးသင်တန်းပြုလုပ်ပေးခဲ့ပြီး မန္တလေးမှ ပြင်ဦးလွင်သွားသည့် ၁၆ မိုင်ဂိတ်ရှိ သစ် တောဌာနတွင်လည်း အသိပညာပေး ပိုစတာများ ကပ်ထားကြောင်း ရှင်းပြသည်
ဖမ်းဆီးရမိသူများအားလုံးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းများက ဇီဝမျိုးစုံကွဲနှင့် သဘာဝ ထိန်းသိမ်း ရေးနယ်မြေများ ကာ ကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)/၄၁(က)တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။
ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)တွင် သာမန်ကာ ကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို အမဲလိုက်ခြင်း(သို့) ရောင်းချခြင်း၊ ယင်းတောရိုင်းတိရစ္ဆာန်ကိုုဖြစ်စေ၊ ယင်း၏အစိတ် အပိုင်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း(သို့) လွှဲပြောင်းခြင်းဟု ဖော်ပြထားသည်။
အဆိုပါ ပြုလုပ်မှု တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့အတူ ပုဒ်မ ၄၁(က) တွင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်(သို့) နိုင်ငံတကာ ကုန်သွယ် မှုတွင် ကာကွယ် ထိန်းချုပ်သည့် တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း(သို့) အနာတရဖြစ် စေခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း(သို့) တနည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ ယင်းတိရစ္ဆာန်ကို ဖြစ်စေ၊ ယင်းတို့၏အစိတ်အပိုင်းကိုဖြစ်စေ၊ သွေးရည်ကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ် ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း (သို့) သယ်ဆောင် ခြင်းဟု ပါရှိသည်။
ယင်းပြုလုပ်မှု တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။