လှည်းကူးမြို့နယ် တပ်မတော် အရာရှိတဦး၏ အိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်နေစဉ် နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးသွားသည့် မကရင်မ အမှုတွင် သံသယရှိတရားခံ အရာရှိကတော် ဒေါ်သိင်္ဂီစုကို တောင်ပိုင်းခရိုင်တရားရုံးတွင် လူသတ်မှု ပုဒ်မ ၃၀၂ဖြင့် ယမန်နေ့ ရုံးချိန်းတွင် အမှုစွဲတင်လိုက်သည်။
ဇွန် ၁၄ ရုံးချိန်းတွင် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေး အဖွဲ့မှ တာဝန်ပေးအပ်မှုဖြင့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကသေဆုံးခဲ့သူ မကရင်မအမှုကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်စန်းစန်းမြင့်က “ဒီနေ့ကတော့ တရားခံကို တရားစွဲတင်တဲ့နေ့ပေါ့။ အန်တီကိုကျတော့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ကနေပြီးတော့မှ by name နဲ့တာဝန်ပေးတာပေါ့။ မြန်မာနိုင်ငံ ဥပဒေပညာရှင်များအသင်းကို ကိုယ်စားပြုပြီးတော့ အဲဒီကနေ အန်တီကိုတာဝန်ပေးလို့ ဒီအမှုကို လိုက်ပါဆောင်ရွက်တာ တရားလိုဘက်ကနေ” ဟုဆိုသည်။
ဆက်လက်ပြီး ဒေါ်စန်းစန်းမြင့်က “နောက်ရုံးချိန်းမှာအန်တီက ပါဝါတင်မယ်။ အခုကပါဝါမတင်ရသေးတော့ အမှုတွဲတွေကို လေ့လာခွင့်လည်း မရှိသေးဘူး ဒါဥပဒေအရပါ” ပြောသည်။
လာမည့် ၂၈ ရက်နေ့တွင် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပြီး သံသယရှိတရားခံဘက်မှ ရှေ့နေကလည်း ပါဝါတင်မည်ဖြစ်ကြောင်း သိရသည်။
ထိုအမှုနှင့်ပတ်သက်ပြီး တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးမှ ဦးဆောင်၍ အမှုတွင် ပါဝင်ကူညီပေးသူ ၅ ဦး တို့မှ ဇွန်လ ၂ ရက်နေ့တွင် ဥပဒေဆိုင်ရာ အထောက်အကူ ပေးနိုင်ရန်အတွက် ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ အသက် ၃၈ နှစ်အရွယ် မကရင်မမှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိ တဦးနေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကာ ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သည်။
မေလ ၁၉ ရက်၌ ခန္ဓာကိုယ် အနှံ့အပြား ဒဏ်ရာများ ဖြင့် မကရင်မကို တွံတေးမြို့ နယ် ခတ္ထိယ ကျေးရွာ အုပ်စု အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေအရာရှိလည်းဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီး နောက်ထပ် ၁ နာရီခန့် အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။
ကရင်မသည် အူပေါက်ပြီး ရက်အတန်ကြာသည် အထိ ဆေးကုသမှုကို ခံယူခွင့် မရရှိခြင်း ကြောင့် သေဆုံးခြင်း ဖြစ်ကာ အူပေါက်သည့် နေရာအနီး အပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်း အပါအဝင် ခန္ဓာကိုယ် ပြင်ပ ၌လည်း တုံးသော ပစ္စည်းတခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲဒဏ်ရာများ၊ စုတ်ပြဲဒဏ်ရာများ တွေ့ရှိရကြောင်းလည်း အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည့် တွံတေးမြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေဝင်းသွင် က ဧရာဝတီသို့ ပြော ကြား ထားသည်။
မကရင်မ မသေဆုံးခင် အချိန်၌ ဒေါ်သိင်္ဂီစု၏ နှိပ်စက်မှုကို ခံရကြောင်း အိမ်နီးချင်းများ၊ ဒေသခံများနှင့် ကျေးရွာလူကြီး များကို ဖော်ထုတ် ပြောကြားခဲ့ခြင်းကြောင့် အုပ္ဖိုလ်ကျေးရွာရာအိမ်မှူး ဦးအေးသောင်းက တရားလိုပြုလုပ်ကာ ခလောက် ဂျိုက်ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ နှင့် မေလ ၂၁ ရက် က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။