ပျောက်ဆုံးနေသည့် သတင်းထောက်တဦး၏ ဇနီးအပေါ် ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သည့် အတွက် ဗုဒ္ဓဘာသာ ရဟန်းတပါးကို မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုစွဲချက်ဖြင့် သီရိလင်္ကာနိုင်ငံ တရားရုံး တရုံးက ကြာသပတေးနေ့တွင် ထောင်ဒဏ် ၆ လကျခံရန် စီရင်ချက် ချလိုက်သည်။
ယင်းစီရင်ချက်သည် လွတ်လပ်စွာတရားစီရင်ရေးကို စမ်းသပ်ပုံရသည်။
သဘောထား တင်းမာသည့်အဖွဲ့ဖြစ်သော ဗောဒုဗလ သန (BBS) သို့မဟုတ် ဗုဒ္ဓအာဏာတပ်၏ အထွေထွေ အတွင်းရေးမှူး ဂလာဂိုဒါအက်သီဂဏနာသရ အမည်ရှိ ရဟန်းတော်သည် စန္ဒြအက်နလီဂိုဒါ အမည်ရှိ အမျိုးသမီးအပေါ် ခြိမ်းခြောက်ခဲ့သည့် ကျူးလွန်မှုရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
“တိုင်းပြည်ရှေ့ရေးအတွက် မိမိကျရာတာဝန် ထမ်းဆောင်ပြီးပြီ။ ဘာကြောင့် နောင်တရ ရမှာလဲ” ဟု အချုပ်ကားဖြင့် ထောင်သို့ခေါ်သွားစဉ် ဂဏနာသရက သတင်းထောက်များကို ပြောသည်။
၂၀၁၆ ခုနှစ်တွင် စစ်ထောက်လှမ်းရေးက စွဲချက်တင်သဖြင့် ပရာဂိအက်နလီ ဂိုဒါအမည်ရှိ သတင်းထောက် တဦး ပြန်ပေးဆွဲမှုကို တရားရုံးတွင် စစ်ဆေးကြားနာနေစဉ် ဂဏနာသရက ဝင်ရောက် နှောင့်ယှက်ခဲ့သည်။
စစ်တပ်အရာရှိများက ယင်းအမှုအတွက် အာမခံမပေးသဖြင့် ဂဏနာသရက တရားသူကြီးနှင့် ရှေ့နေများကို အော်ဟစ်ခဲ့ပြီး အက်နလီဂိုဒါ၏ ဇနီးကို ခြိမ်းခြောက်ခဲ့သည်။
ကြာသပတေးနေ့တွင် တရားသူကြီးက အူဒက်ရှ်ရနက်သန်ဂါက အဆိုပါ ရဟန်းတော်ကို ပြစ်ဒဏ်နှစ်ရပ် ချမှတ်ခဲ့ရာ ထောင်ဒဏ် ၆ လနှင့် ဒဏ်ကြေး ရူပီး ၁၅၀၀ တို့ကို တပေါင်းတည်း ကျခံရမည်ဖြစ်ပြီး သတင်းထောက်၏ ဇနီးကို လျော်ကြေးအဖြစ် ရူပးီ ၅ သောင်း (အမေရိကန် ဒေါ်လာ ၃၁၃ ဒေါ်လာ) ပေးရမည်ဟု စီရင်ချက်ချခဲ့သည်။
၎င်းက စီရင်ချက်ကို မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကြေညာချက်တစောင် ထုတ်ပြန်ခွင့်ပြုရန် ဂဏနာသရ၏ တောင်းဆိုချက်ကို တရားသူကြီးက ပယ်ချခဲ့သည်။ စစ်ဆေးကြားနာမှုကို တက်ရောက် နားထောင်ကြသော ၎င်းကိုထောက်ခံသည့် ရဟန်းတော်များက အဆိုပါရဟန်းအား ထောင်သို့ ခေါ်ဆောင် သွားစဉ် ဗုဒ္ဓဒေသနာများကို ရွတ်ဖတ် သရဇ္ဈယ်ခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာက အမျိုးသားရေးလှုပ်ရှားသည့် ဆရာတော် ဦးဝီရသူနှင့် BBS အဖွဲ့ အတွင်းရေးမှူး အရှင် ဉာဏစာရ တို့ တွေ့ဆုံခဲ့ကြဖူးသည်။
သီရိလင်္ကာနိုင်ငံအတွင်း မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အဓိက ပါဝင်ခဲ့သည်ဟု ဆိုကာ သံသယရှိမှုဖြင့် အမှု ရင်ဆိုင်ခဲ့ဖူးသည့် အရှင် ဉာဏစာရ ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ၎င်းအား “သီဟိုဠ် ဝီရသူ”အဖြစ် ဦးဝီရသူ က တင်စား ဖော်ပြခဲ့သည်။
Bodu Bala Sena(BBS) အဖွဲ့သည် အမြဲပြောင်းလဲနေသော ကမ္ဘာ့အယူအဆများကြား ဗုဒ္ဓဘာသာ လူမှုတန်ဖိုး များ ကို ကာကွယ် စောင့်ရှောက်ရာတွင် နိုင်ငံကို ဦးဆောင်ရန် နှင့် ထိုသို့ လုပ်ဆောင်ရာတွင် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဌာန်းချက်များနှင့်အညီ အစီအစဉ်များ၊ စီမံချက်များ ရေးဆွဲရန် ဘိက္ခူ (သံဃာ)၊ ဘိက္ခူနီ (သီလရှင်)၊ ဥပကာ (ယောက်ျား)၊ ဥပါသက (မိန်းမ) ဟူ၍ ဗုဒ္ဓဘာသာ အပိုင်း ကဏ္ဍ လေးခု ခွဲခြား ဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်ကြောင်း BBS ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထား သည်။
ဆက်စပ်ဖတ်ရှုရန်–ဦးဝီရသူနှင့် သီရိလင်္ကာ ဘာသာရေး တက်ကြွလှုပ်ရှားသည့် ဆရာတော် တွေ့ဆုံ
မွတ်ဆလင် မုန်းတီးရေး ရာဇဝတ်မှု သီရိလင်္ကာ ပထမဆုံး ဖမ်းဆီး