မကွေးတိုင်း ဧရာဝတီ မြစ်အနောက်ဘက်ခြမ်းရှိ ရေဘေးဒဏ်သင့် ဒေသများသို့ မန္တလေးတိုင်း သဘာဝဘေး တုံ့ပြန် ဆောင်ရွက်ရေး သွားရောက် ကူညီရန် စီစဉ်နေကြောင်း ယင်းအဖွဲ့ ခေါင်းဆောင် ဒေါက်တာ သန်းထွန်းမြင့် က ပြော သည်။
၎င်းက “အခုလက်ရှိမှာ သဘာဝ ဘေးအဆိုးဆုံး ခံနေရတဲ့ ဒေသက မကွေးတိုင်း ဖြစ်နေတာကြောင့် ကူညီ ကယ်ဆယ် ရေး လုပ်ပေးနိုင်ဖို့ အဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အကူအညီတွေ မပေးခင် ဒီကြား ကာလမှာတော့ ရန်ပုံငွေရှာဖို့ အတွက် အလှူငွေ ကောက်ခံတာတွေ ပြုလုပ်သွားပါမယ်” ဟု ပြောသည်။
ယင်းအဖွဲ့မှ လာမည့် ဇူလိုင်လ နောက်ဆုံးအပတ် အတွင်း သွားရောက်ကူညီမှု လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ် ကြောင်း သိရသည်။
အဆိုပါ အဖွဲ့မှာ ၂၀၁၆ ခုနှစ် သြဂုတ်က စတင်၍ မန္တလေတိုင်း အခြေစိုက် လူမှုကူညီရေး အသင်းအဖွဲ့ပေါင်း ၅၀ ကျော်နှင့် ဖွဲ့စည်းထားသော အရပ်ဖက် အဖွဲ့အစည်း တခုဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယင်းအဖွဲ့သည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် ညှိနှိုင်း ချိတ်ဆက် ထားပြီးဖြစ်ရာ သဘာဝဘေးသင့် ဒေသများတွင် ဖြစ်ပေါ်နေသည့် အရေးပေါ် အခြေအနေများအား သတင်းပေးပို့ ခြင်းများလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်းရှိ သဘာဝဘေး ကျရောက်သော ဒေသများသို့ သွားရောက်ကာ ဘေးအန္တရာယ် ကြိုတင် ကာ ကွယ်ခြင်း၊ ကယ်ဆယ်ခြင်းနှင့် ပြန်လည်နေရာချထားခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အဓိက ရည်ရွယ် ဖွဲ့စည်းထားကြောင်း သိရသည်။
အဖွဲ့ဝင် ဦးသိန်းထွန်းက “အခု မိုးဦးကာလမှာ မိုးကြီးတဲ့အတွက် မြေပြိုတာတွေ၊ ရေကြီးတာတွေ ဒေသ အတော် များများမှာ ခံစားနေရတယ်။ အဲဒီအထဲမှာ မကွေးတိုင်းက တော်တော် အခြေအနေလည်း ဆိုးသလို ဒေသခံ သဘာဝ ဘေးတုံ့ပြန်မှု အဖွဲ့တွေရဲ့ တုံ့ပြန်မှုကလည်း အားနည်းနေသေးတယ်” ဟု ပြောသည်။
မန္တလေးတိုင်း သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ မကွေးတိုင်းသို့ သွားရောက် ကူညီနိုင်ရန် အတွက် လာမည့် ရက်ပိုင်း အတွင်း မန္တလေး ကျုံးပတ်လည်၌ ရေဘေးကယ်ဆယ်ရေး အလှူငွေ ကောက်ခံမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး ရေဘေးသင့်သူများ အတွက် ငွေကြေးသာမက အစားအသောက်၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းများကို လည်း မည်သူမဆို လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇွန်လ ပထမပတ်မှ စတင်ကာ မြန်မာနိုင်ငံ အနှံအပြား မိုးဆက်တိုက် ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံခြင်း၊ မြေပြို ခြင်း၊ တံတားများ ကျိုးခြင်း၊ မြစ်ကမ်းပါးများ ပြိုခြင်း၊ ကားလမ်း ရထားလမ်းများ ရေကျော်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ် များဖြင့် ကြုံတွေ့ခံစားလျှက်ရှိသည်။
မကွေးဒေသခံ တဦးက “အခုလောလောဆယ်တော့ ပွင့်ဖြူက အဆိုးဆုံးပဲ။ စိုက်ပျိုးဧက တော်တော် များများလည်း ပျက်စီးသွားပြီ။ အခု လောလောဆယ်က မုန်းချောင်း၊ မန်းချောင်းက ရေတွေက မြစ်ထဲကို ဝင်နေပြီး မြစ်ရေ သိပ် မတက်သေးလို့။ ဒါပေမယ့် နောက် ၂ ရက်၊ ၃ ရက်အထိ အခုလို ဆက်တိုက်ရွာနေမယ်။ မြစ်ရေလည်း တက်လာမယ် ဆိုရင်တော့ အခြေအနေက အတော်ဆိုးတော့မှာ” ဟု ဧရာဝတီကို ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဇွန်လ ၁၅ ရက် နံနက်ပိုင်းအထိ ခန့်မှန်းချက်အရ တနသာၤရီတိုင်း၊ ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်များတွင် နေရာ အနှံအပြားမိုးရွာပြီး၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ချင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။