လက်တွေ့ အလုပ်ဖြစ်မည့် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် မြန်မာ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ဖော် ဆောင်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး (စီမံ/ဘဏ္ဍာ) ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်သူ့ လွှတ်တော် အစည်း အဝေး ၌ ပြောသည်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရာတော်မဲဆန္ဒနယ်မှ ဒေါက်တာ ခင်မောင်သင်း မေးမြန်းသည့် ပြည်တွင်း ပြည်ပ ပညာရှင်များ ပါဝင်သော စီးပွားရေး ညီလာခံ တရပ် ကျင်းပပြီး အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် မဟာဗျူဟာ တရပ် ဖော်ထုတ် နိုင်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းအပေါ် ဒုဝန်ကြီး က အထက်ပါအတိုင်း ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဌာနများမှ နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ အကောင်အထည် ဖော်နိုင်ရန် ပြည်တွင်း ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မဟာဗျူဟာ၊ စီမံကိန်း၊ လုပ်ငန်း အစီအစဉ်များ ဖော်ဆောင်လျက် ရှိသော်လည်း ယင်း မဟာဗျူဟာ၊ စီမံကိန်းများမှာ အပြန်အလှန် ညီညွှတ်မှု အားနည်းကြောင်း ဦးမောင်မောင်ဝင်းက ပြောသည်။
ထို့ကြောင့် ပိုမိုကောင်းမွန်သည့် မြန်မာ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု အစီအစဉ် (Myanmar Substainable Development Plan-MSDP) ကို ရေးဆွဲပြုစုထားပြီး ဖြစ်ကြောင်းလည်း ဇွန်လ ၁၃ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ၎င်းက ပြောဆိုသည်။
“MSDP ကို ရေးဆွဲ အကောင်အထည်ဖော်ခြင်း အားဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ၎င်းတို့နဲ့ သက်ဆိုင်တဲ့ နယ်ပယ်၊ ကဏ္ဍနဲ့ အကြောင်းအရာပေါ် မူတည်ပြီး တသီးတသန့် ဆောင်ရွက်နေခြင်းမျိုးကနေ ရှောင်ရှားနိုင်ကာ ပိုမို မဟာဗျူဟာကျ တဲ့ အမျိုးသားအဆင့် စီမံကိန်းများ ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ထားပါတယ်”ဟု ဒု ဝန်ကြီး ဦးမောင်မောင်ဝင်း က ပြော သည်။
ထိုမဟာဗျူဟာ မူကြမ်းကို ယခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ပြီး မတ်လနှင့် ဧပြီလများ၌ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကဏ္ဍမှ တာဝန်ရှိသူများ၊ အရက်ဘက် အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော အကြံပေး ဆွေးနွေးပွဲများ ကို တိုင်းနှင့်ပြည်နယ် ၇ ခု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
MSDP ကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ချမ်းသာကြွယ်ဝရေးနှင့် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု၊ ပြည်သူလူထုနှင့် သဘာဝ ပတ်ဝန်းကျင် ဟူသည့် မဏ္ဍိုင်သုံးရပ်ဖြင့် လည်းကောင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သည့် စီမံအုပ်ချုပ်မှု ဖြစ်ထွန်းရေး၊ စီးပွားရေး တည်ငြိမ်ရေးနှင့် စီးပွားရေး လုပ်ငန်းငယ်များ စီမံခန့်ခွဲမှု အားကောင်း ခိုင်မာရေး စသည်တို့ ပါဝင် ရေးဆွဲထားသည်။
ထို့ပြင် အလုပ်အကိုင် ဖန်တီးပေးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းပေါ်ပေါက်ရေး၊၂၁ ရာစု လူ့ အဖွဲ့ အစည်း အတွက် လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှုကိစ္စများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားအဆင့် ချမ်းသာကြွယ်ဝရေး အတွက် သဘာဝ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ဆိုသည့် ပန်းတိုင် ၅ ရပ်ပေါ်တွင် အခြေခံကာ မဟာဗျူဟာ ၂၈ ခုနှင့် လုပ်ငန်း အစီအစဉ် ၂၃၈ ခုတို့ ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
အဆိုပါ MSDP ကို နိုင်ငံတော်၏ မူဝါဒ ရည်မှန်းချက်များ အပြင် ကမ္ဘာလုံးဆိုင်ရာအဆင့် ချမှတ် အကောင်အထည် ဖော် နေသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ အပေါ်တွင်အခြေခံကာ ဒေသအတွင်း၊ ဒေသခွဲအဆင့် ကတိကဝတ်များ၊ ဆောင်ရွက်မှုများနဲ့ ကိုက်ညီမှုရှိစေရန် သုံးသပ် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးမောင်မောင်ဝင်း က ဆိုသည်။
၎င်းက ဆက်လက်၍ “နိုင်ငံအတွင်း ရေရှည်တည်တံ့ ခိုင်မြဲမယ့် ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် အကောင်အထည် ဖော်နိုင်ရေးကို ရည်ရွယ်ပါတယ်”ဟု ပြောသည်။
MSDP ကို အပြီးသတ် အတည်ပြုပြီးပါက ဦးစားပေး စီမံကိန်းများကို ဖော်ထုတ် သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်နှင့် စီမံကိန်းများ (Public Investment Program and Project- PIP) သတ်မှတ် ကာ ပေါ်ထွက်လာသည့် အစီအစဉ် စီမံကိန်းများကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် ဘဏ္ဍာငွေရရှိနိုင်မယ့် ဇစ်မြစ် အပေါ် မူတည်၍ အစိုးရ ဘဏ္ဍာငွေဖြင့် သို့မဟုတ် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည် ဆိုသည် တို့ကို စိစစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း ဦးမောင်မောင်ဝင်း က ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြံပြုချက်များ အပေါ် အလုံးစုံ လိုက်လံ လုပ်ကိုင်နေခြင်းထက် ပြည် တွင်း ပြည်ပ ပညာရှင်များ အားလုံးပါဝင်နိုင်သည့် စီးပွားရေး ညီလာခံတခု ကျင်းပကာ ရရှိသည့် ရလဒ်များအပေါ် ဆုံးဖြတ် ဆောင်ရွက်သင့်သည့် အခြေအနေ ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဟောင်း ဖြစ်သည့် ကမ္ဘောဇဘဏ် အကြံံပေး ဦးသန်းလွင် ကလည်း ပြောဆိုသည်။
“လွှတ်တော်မှာ ဒီလိုပြောတယ် ဆိုတော့ အားမရလို့ ဖြစ်မှာပေါ့။ လုပ်နေပါတယ်ဆိုပြီး တကယ်က ဖြစ်မလာတော့လေ။ အားလုံးပါဝင်တဲ့ National Conference က လုပ်ဖို့ကောင်းတာပေါ့။ အခုက သူနဲ့ လက်သင့်တာပဲ ခေါ်နေတာကိုး။ အဖွဲ့ အစည်း ပေါင်းစုံကခေါ်။ အတိုက်အခံပဲ ဖြစ်နေပါစေ ပညာရှင်ဆိုရင်ခေါ် ကြိုက်တာ မကြိုက်တာ ရှိမယ်။ သူက ဒီလိုပြော တယ်။ ကိုယ်က ဘယ်ဟာ သင့်တော်မလဲ ခေါင်းအေးအေးထား စဉ်းစားဆုံးဖြတ်တာမျိုးပေါ့”ဟုလည်း ဦးသန်းလွင်က ပြော သည်။
မြန်မာနိုင်ငံ၏ သမိုုင်းကြောင်းကို ပြန်ကြည့်လျှင် ခေတ်သစ်တခု အစပြုတိုင်း ပြည်တွင်းပြည်ပ ပညာရှင်များပါဝင်သည့် စီးပွားရေး ညီလာခံတရပ် ကျင်းပလေ့ရှိသည်ကို တွေ့ရပြီး အဆိုပါ ညီလာခံများမှ တဆင့် မဟာဗျူဟာတရပ် ပေါ်ထွက် စေလိုကြောင်း ဒေါက်တာ ခင်မောင်သင်း က ဆွေးနွေးသွားသည်။
လွတ်လပ်ရေး အကြိုကာလ၌ တိုရွန်တိုစီမံကိန်း၊ ဖဆပလ အစိုးရလက်ထက်တွင် ပြည်တော်သာ စီမံကိန်းများ ရေးဆွဲနိုင် ခဲ့ပြီး လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ကို ပီပီပြင်ပြင် လှည့်ပြောင်းရန် ကြိုးစားနေသကဲ့သို့ ကျန်တဖက်တွင် လည်း မြန်မာ့စီးပွားရေး အတွက် အထူးအရေးကြီးနေသည်ဟုလည်း ၎င်းက ဆွေးနွေးခဲ့သည်။