တရုတ်နိုင်ငံ နယ်စပ်ရှိ KIA ထိန်းချုပ်ဒေသများမှ စစ်ဘေးရှောင် စခန်းများသို့ လူသားခြင်း စာနာမှု အကူအညီများ ဆက်လက်ပေးပို့ပါက ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) အဖွဲ့ဝင်များကို တရားစွဲဆိုမည်ဟု တပ်မတော်က ခြိမ်းခြောက်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
KBC အဖွဲ့ဝင်များသည် မြန်မာ – တရုတ်နယ်စပ်သို့ မေလ အစောပိုင်းက သွားရောက်ခဲ့သည်။ ယင်းနောက်တွင် KBC အဖွဲ့ဝင်များအနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ် ဒေသများသို့ မသွားရောက် သင့်ကြောင်း တပ်မတော် ထိန်းချုပ်ထားသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်သည့်စာတွင် သတိ ပေးထားသည်။
“ထိုသို့ ဆက်လက်လုပ်ဆောင်နေလျှင် အရေးယူူနိုင်သည်” ဟု ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားအခြေစိုက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူထားသည့် ဗိုလ်မှူးကြီး သူရ မျိုးတင်က ထိုစာတွင် ရေးသား ထားသည်။
“ထို့ကြောင့် မည်သူမျှ ထိုနေရာများသို့ ဆက်လက် သွားရောက်ခြင်းမပြုသင့်ပေ” ဟု ဧရာဝတီ သတင်းဌာနက ရရှိသည့် ထိုစာ မိတ္တူတွင် ဖော်ပြထားသည်။
သတိပေးချက်ကို လျစ်လျှူရှုသော KBC အဖွဲ့ဝင်များကို မတရားသင်း ဥပဒေပုဒ်မ ၁၇ (၁) အရ တရား စွဲဆိုမည်ဟု ထိုတပ်မတော်အရာရှိက ထုတ်ပြန်သည့်စာတွင် ရေးသား ဖော်ပြထားသည်။ ထိုဥပဒေပုဒ်မကို ချိုးဖောက်လျှင် ထောင်ဒဏ် နှစ်နှစ်မှ သုံးနှစ်အထိ ကျခံရနိုင်သည်။
KBC သည် ကချင်ပြည်နယ်မှ စစ်ဘေးရှောင်များအား အကူအညီပေးနေသော အဓိက ကချင် အဖွဲ့အစည်း ဖြစ်သည်။
တပ်မတော်၏ အဆိုအရ KBC အဖွဲ့ဝင်များသည် မေလအစောပိုင်းတွင် ဝိုင်းမော်မြို့နယ်ရှိ နယ်ခြားမှတ်တိုင် အမှတ် ၆ နှင့် ၈ သို့ သွားရောက်ခဲ့ကြပြီး စစ်ဘေးရှောင်များနှင့် တွေ့ဆုံကာ အစားအသောက်များ ပေးအပ်ခဲ့သည်ဟု သိရသည်။
သူ၏ အသင်းတော်သည် နယ်စပ်အနီးရှိ စစ်ဘေးရှောင်များအား အကူအညီပေးနေသည်မှာ ၇ နှစ် ရှိပြီဖြစ်ကြောင်း KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာ ခလန်ဆမ်ဆွန်က ပြောသည်။
“ကျနော်တို့က စစ်ဘေးရှောင်တွေကိုပဲ ကူညီတယ်။ KIA ကို မကူညီဘူး။ ဒါကြောင့် ဥပဒေကို ချိုးဖောက်တယ်လို့ ကျနော်တို့ဘက်က မထင်ဘူး။ ကျနော်တို့က စစ်ဘေးရှောင်တွေကို ကူညီတဲ့သူတွေ။ ကျနော်တို့ တတ်နိုင်သမျှ ဆက်လက်ကူညီရမှာဘဲ” ဟုလည်း သူက ပြောသည်။
KBC သည် လူသားချင်း စာနာမှုအတွက်သာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အဖွဲ့အစည်းကို တပ်မတော်က ခြိမ်းခြောက်၍ ရနိုင်မည် မဟုတ်ကြောင်း သိက္ခာတော်ရဆရာ ဆမ်ဆွန်က ဆိုသည်။
“ဒါက တပ်မတော်ရဲ့ စစ်ဗျူဟာ တစိတ်တပိုင်းပါတယ်” ဟုလည်း ထိုစာ၏ နောက်ကွယ်မှ ရည်ရွယ်ချက်နှင့် ပတ်သက်၍ သူ့ထင်မြင်ချက်ကို ရှင်းပြသည်။
၂၀၁၁ ခုနှစ်က ထိုဒေသတွင် အပစ်အခတ် ရပ်စဲရေး ပြိုပျက်ပြီးနောက် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေအိမ်များကို စွန့်ခွာ ထွက်ပြေးနေရသည့် ကချင် စစ်ဘေးရှောင် ၁၅၀၀၀၀ ခန့်ရှိသည်။ ထို စစ်ဘေးရှောင်များသည် အစိုးရထိန်းချုပ် ဒေသတွင်သာမက KIA ထိန်းချုပ်ဒေသများတွင်လည်း နေထိုင် ကြသည်။
မိုးရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ဘေးရှောင် အများအပြားမှာ အမိုးအကာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကလေးများ ကျောင်းတက်ရန် လိုအပ်ချက်များရှိနေသည်။ အကူအညီ လိုအပ်နေသူများကို ကူညီသည့် ၎င်းတို့၏ လူသားချင်း စာနာမှုလုပ်ငန်းသည် မှားယွင်းသည်လားဟု KBC အဖွဲ့ဝင်များက မေးခွန်း ထုတ်နေကြသည်ဟု ၎င်းသိက္ခာတော်ရ ဆရာက ပြောသည်။
KBC အဖွဲ့ဝင်များအနေဖြင့် စစ်ဘေးရှောင်များကို ကူညီရန် အမြဲအသင့်ရှိနေသည်ဟုလည်း သူက ဆက်ပြောသည်။
KBC သည် စစ်ဘေးရှောင်များကို ကူညီနေသော အဖွဲ့အစည်းဖြစ်သောကြောင့် နယ်နိမိတ် ကန့်သတ်ချက် များဖြင့် တားဆီး မရနိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ဘေးရှောင်များသည် လူမျိုးစု လက်နက်ကိုင် ထိန်းချုပ်ဒေသများတွင်ရှိနေလျှင်ပင် KBC အဖွဲ့ဝင်များသည် ထိုနေရာသို့ လိုက်သွားကြရသည်။
တပ်မတော်က ထိုစာကို ထုတ်ပြန်လိုက်သောကြောင့် KBC ၏ အကူအညီပေးရေး ယာဉ်တန်းတချို့၏ ပိတ်ဆို့မှုကို ခံရကြောင်း သိက္ခာတော်ရဆရာက ပြောပြသည်။ သို့သော် KBC သည် စစ်ဘေးရှောင်များနှင့် တွေ့ဆုံပြီး အကူအညီများပေးပို့ရန် နည်းလမ်း ရှာဖွေသွားမည်ဟု ၎င်းက ဆိုသည်။
ကချင်စစ်ဘေးရှောင်များကို ထောက်ပံ့ရန် တရုတ်နိုင်ငံကပင် ယခုလအစောပိုင်းက ကျပ်ငွေ သန်း ၄၀ ပေးခဲ့သည်ဟုလည်း ဆရာ ဆမ်ဆွန်က ပြောသည်။ ထို့ကြောင့် KBC အနေဖြင့် တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ်မှ ဖြတ်ကျော်ခွင့်ကို တရုတ်အာဏာပိုင်များထံမှ တောင်ခံကောင်း တောင်းခံသွားမည်ဟုလည်း သူက ရှင်းပြသည်။
တပ်မတော်သည် KIA ထိန်းချုပ်ဒေသများမှ စစ်ဘေးရှောင်များထံ ကုလသမဂ္ဂအေဂျင်စီများက အကူအညီ ပေးပို့ခြင်းကို ပိတ်ဆို့ ထားသော်လည်း အစိုးရ ထိန်းချုပ်ဒေသမှ စစ်ဘေးရှောင်များအတွက်မူ အကူအညီ ပေးပို့ရန် ခွင့်ပြုထားသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်းသတင်းထောက် လဝီဝမ်၏ Main Kachin Aid Group Ordered to Halt Humanitarian Work in Rebel-Held Areas ကို ဆီလျော်အောင် ဘာသာပြန်သည်။