သတင်း

အိမ်အကူ ကလေး ၂ ဦးကို ရိုက်နှက်သည့် လင်မယားကို အမှုဖွင့်

မင်္ဂလာတောင်ညွန့် မြို့နယ်၊ သပြေကုန်း ရပ်ကွက်၌ အသက် ၁၄ နှစ်နှင့် ၁၂ နှစ်အရွယ် အိမ်အကူ အမျိုးသမီးငယ် နှစ် ဦးအား ညှင်းပမ်းနှိပ်စက်မှုဖြင့် အိမ်ရှင်၂ ဦးကို အပြင်းအထန် နာကျင်စေမှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်း က သိရသည်။

အိမ်ရှင်ဖြစ်သူ၏ ရိုက်နှက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် မမေသင်္ကြန်တွင် ဦးခေါင်းနောက်စေ့ ဖူးယောင်၊
ပေါင်၊ လက်မောင်း၊ နောက်ကျောနှင့် ယာမျက်ခုံးတို့တွင် ညိုမဲဒဏ်ရာများ တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ယနေ့ ဇွန် ၁၅ ရက်၌ သတင်းထုတ်ပြန်သည်။

မင်္ဂလာတောင်ညွန့် ရဲစခန်းမှူး ဒုရဲမှူးဇော်ဝင်းနိုင်က “ကလေးတွေက ဆေးရုံးတော့ မတက်ရပါဘူး။ ကျနော်တို့ဆီ ရောက် တော့ ဘာဒဏ်ရာမှ မရှိတော့ဘူး။ အရင်ဒဏ်ရာ အဟောင်းတွေနဲ့ပဲ ဆေးစာထုတ်ပြီး စစ်ဆေးနေရတာပေါ့။ အခု လူမှုဖူလုံ ရေးက ခေါ်ထားတယ် ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အသက် ၁၄ နှစ်အရွယ် မမေသင်္ကြန်အနေနှင့် အိမ်ရှင် အမျိုးသမီး၏ ရိုက်နှက်မှုကြောင့် နေအိမ်မှထွက်ပြေးကာ မိခင် ဖြစ်သူနှင့် အတူ ဇွန်လ ၁၂ ရက်က သပြေကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း တိုင်ကြားချက်များ အရ အမှုဖွင့်ထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၄/ ၃၂၅/ ၁၁၄ (ဘေးဖြစ်စေသော လက် နက်ဖြင့် နာကျင်စေမှု/ မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု/ အားပေးကူညီမှု) တို့သည် အာမခံ ပေးနိုင်သည့် ပုဒ်မများ ဖြစ်သည့်အတွက် အိမ်ရှင် ဖုန်းနိုင်နှင့် ဇနီးဖြစ်သူ ဒေါ်တင်ဇာမြင့်တို့အား အာမခံပေးထားပြီး ဥပဒေရုံးသို့ တင်ပြနိုင် ရန် ဆက်လက် လုပ်ဆောင်လျှက် ရှိကြောင်း သိရသည်။

မမေသင်္ကြန်၏ ပြောပြချက်များ အရ မေလအတွင်း ကလည်း အိမ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် အမှားအယွင်းရှိပါက ဒေါ်တင်ဇာမြင့်မှ ကြိမ်လုံး/ခါးပတ်တို့ဖြင့်ရိုက်ခြင်း၊ ရေနွေးပူ၊ ဆီပူတို့ဖြင့် ပက်ခြင်း၊ ကြက်သွန်လှီးဓားဖြင့် ခြစ်ခြင်းတို့ကို ပြုလုပ်သည့်အပြင် အသက် ၁၂ နှစ်အရွယ် ညီမဖြစ်သူ မစန်းစန်းအေးကိုလည်း ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ဇွန် ၁၃ ရက်၌ ထုတ်ပြန်ထားသည်။

ရိုက်နှက်ခံရသည် ဆိုသည့် အိမ်အကူ ကလေးငယ် နှစ်ဦးမှာ ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လမှ စတင်၍ အိမ်အကူအဖြစ် လာရောက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

Loading