တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပမည့် ရက်နှင့် ပတ်သက်၍ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) များကြား ယတိ ပြတ် မသတ်မှတ်နိုင်သေးကြောင်း သိရသည်။
တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပမည့် ရက်ကို သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက် ကိုင်ျား ဇွန် ၁၆ ရက် သို့မဟုတ် ၁၇ ရက်၌ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွန်ကြားရေး မှူးချုပ်(ခေတ္တ) ဦးဇော်ဌေးက ပြောသည်။
“ကျနော်တို့ကို သူတို့ဘက်က အဆိုပြုထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ထပ်ပြီး ပြန်ဆွေးနွေးရမယ်။ ညှိနှိုင်းမယ် ဆိုရင် ဒီလာမယ့် စနေ၊ တနင်္ဂနွေမှာ ညှိမယ်” ဟု ၎င်းက ပြောသည်။
အစိုးရဘက်က တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ဇွန် ၃၀ ရက်၌ ကျင်းပသွားရန် စီစဉ်ထားသော်လည်း NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များကြား မကျေလည်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ဇူလိုင် ၁၀ ရက်မှသာ ကျင်းပရန် အစိုးရဘက်သို့ တင်ပြပြီး အတည်ပြုချက် ယူရန် စီစဉ်နေကြောင်း သိရသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) မှ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက“အစိုးရက ဇွန် ၃၀ ရက် လုပ်ချင်တယ်။ EAO တွေက ဇူလိုင် ၁၀ ရက်လို့ ပြောတယ်။ သူတို့ ညှိတဲ့ ပွဲတွေမှာ ကျနော် မပါဘူးဗျ။ EAO တွေ ဘက်မှာ လည်း မတူကြဘူး။ တချို့ အဖွဲ့အစည်းတွေက နည်းနည်း ရက်ရွှေ့ချင်တာတို့ ဘာတို့ရှိတာ ကျနော်တို့ ပအိုဝ်းလို အဖွဲ့က တော့ ဘာမှ မရှိဘူး။ ၁၀ ရက်လည်း ရတာပဲ” ဟု ပြောသည်။
အဆိုပါ တိကျသည့် ရက်မသတ်မှတ်နိုင်ခြင်းနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ဇွန် ၁၆ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်းအဝေး ပြုလုပ်၍ ဆွေးနွေးအဖြေရှာပြီးနောက် သက် ဆိုင်ရာ ခေါင်းဆောင်များထံ တင်ပြကာ ဆွေးနွေးမည်ဟု ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောသည်။
“မနက်ဖြန်မှာ UPDJC အတွင်းရေးမှူး အဖွဲ့ဝင်တွေ ဆွေးနွေးကြမယ်။ ဆွေးနွေးပြီးရင် လူကြီးတွေကို ပြန်တင်ပြမယ်။ အဲဒါပြီးရင် UPDJC မှာဆွေးနွေး အတည်ပြုမယ် ဆိုတော့ ဇွန် ၃၀ ရက်နဲ့ ဇူလိုင် ၁၀ ရက်ကြားမှာ ညီလာခံလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။
တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပရန် မူလက စီစဉ်ခဲ့သေ်ာလည်း မကျင်းပ နိုင်ခဲ့ပေ။ ထို့ကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလ၌ ကျင်းပရန် စီစဉ်ကြခဲ့ကြ သော်လည်း မဖြစ် မြောက် ဟု သိရသည်။
ထို့နောက် ဧပြီလကုန် သို့မဟုတ် မေလဆန်းပိုင်းမှာ ကျင်းပရန် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကြား ထပ်မံ စီစဉ်ခဲ့သော်လည်း မေလကုန်ထိ မကျင်းပနိုင်ခြင်းကြောင့် တနှစ်လျှင် ၂ ကြိမ် ကျင်းပမည်ဆိုသော သဘောတူညီချက် အတိုင်း မကျင်းပနိုင်ဘဲ ဖြစ်နေသည်မှာ ၁ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။
ယခု အခါတော့ ဇွန် ၃၀ ရက်တွင် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပရန် အစိုးရက အဆိုပြု ထားပြီး EAO ဘက်က ဇူလိုင် ၁၀ ရက်မှာသာ ကျင်းပရန် ပြန်လည် အဆိုပြုလာခြင်းကြောင့် ယခုရက်ပိုင်း၌ ဆွေးနွေးကြမည် ဖြစ်သည်။
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက်ထိ ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘော တူညီချက် အစိတ်အပိုင်း(၁)ဆိုကာ အချက် ၄၅ ချက်အနက် ၃၇ ချက်ကို သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ သဘောတူညီချက်များသည်လည်း NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များကို လွှမ်းခြုံမှု ရှိမရှိ မသဲကွဲဘဲဖြစ်နေပြီး ယနေ့ချိန်ထိ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူနိုင် ခြင်း မရှိသေးကြောင်း သိရသည်။