မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြသူများ ယုံကြည်မှု ရရှိစေရန် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်တခုကို ဦးစွာ တည် ဆောက်ပြရန် လိုကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ၁၁ မြို့နယ်၌ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အ ကောင် အထည်ဖော် ဆောင်ရွက်မည့် အစီရင်ခံစာနှင့် ပတ်သက်၍ ဇွန်လ ၁၃ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တွင် ဒေါ်စန္ဒာမင်းက ထောက်ပြ ဆွေးနွေးခြင်း ဖြစ်သည်။
ဒေါ်စန္ဒာမင်းက “ဥပဒေများ၊ မူဝါဒများကို ခိုင်မာအောင် ပြင်ဆင်ပြီး နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်တခုကို နမူနာအဖြစ် အောင်မြင်အောင် တည်ဆောက်ပေးနိုင်မှ သာလျှင် လာရောက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ရရှိနိုင်မှာ ဖြစ်ပါ တယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာ အဆင့်မီ စက်မှုဇုန် ၁၁ ဇုန် အကောင် အထည်ဖော်မည့် အစီရင်ခံစာသည် လိုအပ် ချက်များစွာ ရှိနေသော အစီရင်ခံစာ ဖြစ်နေသဖြင့် အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိရန်လည်း ဒေါ်စန္ဒာမင်း က ဆက်လက် အကြံပြုသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေနှင့် မြို့နယ် ၁၁ မြို့နယ်တွင် လယ်မြေဧကပေါင်း ၁၂၃၀၂ ဧက ကျော်ကို သိမ်းယူပြီး စက်မှုဇုန် ၁၁ ဇုန် အဖြစ် ပြောင်းလဲ အကောင်အထည်ဖော်ရန် စီမံကိန်းတရပ်ကို လွှတ်တော်၌ ဇွန်လ ၅ ရက်က တင်ပြခဲ့ ခြင်းဖြစ်သည်။
လတ်တလော၌ ဖြစ်ပွားနေသည့် အလုပ်သမားရေးရာ ပြဿနာများ၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်းနှင့် လက်ရှိ အခြေအနေ တွင်ပင် လုံလောက်မှု မရှိသည့် လျှပ်စစ်ဓာတ်အားကဲ့သို့ အခြေခံအဆောက်အအုံ ပြဿနာများ၊ မခိုင်မာသော မူဝါဒများ၊ ပြဋ္ဌာန်းရန် သို့မဟုတ် ပြင်ဆင်ရန် လိုအပ်နေသော ဥပဒေများကြောင့် လက်ရှိ အခြေအနေတွင် ရှိပြီးသား စက်မှုဇုန်များ ပင်လျှင် ဖွံ့ဖြိုးတိုးတက်မှု မရှိကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြ ပြောဆိုသည်။
အဆိုပါ စက်မှုဇုန်ဟောင်းများ၏ အခြေအနေကြောင့် ရင်းနှီးမြှုပ်နှံသူ များစွာသည် အခက်အခဲတွေ့နေရပြီး ယုံကြည်မှု လည်း ကင်းမဲ့လျက်ရှိကာ လက်ရှိအချိန်တွင်လည်း ယင်းအခြေအနေကို တာဝန်ယူ ကိုင်တွယ်မည့်သူ မရှိကြောင်းလည်း ၎င်းက ပြောသည်။
ဒေါ်စန္ဒာမင်းက “ယခုဆိုရင် အိုးအိမ် ကသော်လည်းကောင်း၊ စည်ပင်က သော်လည်းကောင်း၊ စက်မှုဇုန်ကော်မတီများက သော်လည်းကောင်း မည်သူ့မှာ တာဝန်ရှိတယ်လို့ မခွဲခြားနိုင်ဘဲ မည်သူကမှ တာဝန်ယူမှု မရှိနေတဲ့ စက်မှုဇုန်ဟောင်း ၂၉ ဇုန်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို အရင်ဦးစွာ လုပ်ဆောင်သင့်ပါတယ်” ဟု ဆိုသည်။
မြေယာသည် တိုးပွားလာ နိုင်စွမ်းရှိသည့် ရင်းမြစ်မဟုတ်သဖြင့် သောင်းချီနေသော မြေယာများ အလဟဿ မဖြစ်စေရေး အတွက် မြေယာစီမံခန့်ခွဲမှုကို စနစ်တကျ ဖြစ်စေရန် လိုအပ်ကြောင်း ကျောက်တံတား မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
ဒေါ်ကြည်ပြာက“မြေဆိုတာ ထပ်ပြီး မတိုးနိုင်တဲ့ အတွက် ကျမတို့က မြေစီမံခန့်ခွဲမှုကို ထပ်ပြီး စဉ်းစားဖို့လိုပါတယ်။ အောင်မြင်ဖြစ်ထွန်းနေတဲ့ လယ်မြေတွေနဲ့ ရာဘာခြံတွေ တောင်ပါပါတယ်။ ဒီလိုလယ်မြေတွေကို စက်မှုဇုန် အကောင် အထည်ဖော်လိုက်ရင် ကျမတို့ နိုင်ငံက စိုက်ပျိုးရေး နိုင်ငံဆိုတော့ လယ်ယာ စိုက်ပျိုးရေးကို ထိခိုက်သွားမလား ဆိုတာ စိုးရိမ်ရပါတယ်” ဟု ဆိုသည်။
စက်မှုဇုန်မြေ ဖြစ်လာမည့် လယ်မြေများ၏ မူလပိုင်ရှင် လယ်သမားများက သဘောတူညီမှု ရှိ/မရှိ မသေချာခြင်း၊ လွှတ် တော် ကိုယ်စားလှယ်များ သိရှိနားလည် သဘောပေါက် နိုင်သည့် လုံလောက်ပြည့်စုံသော အချက်အလက်များကို ခိုင်မာစွာ အတည် ပြု မပေးနိုင်ခြင်းကြောင့် လွှတ်တော်၌ မှတ်တမ်းအဖြစ်သာ ထားရှိရန် မရမ်းကုန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည် ကလည်း အကြံပြုသည်။
“နစ်နာသူ လယ်သမားများကို စီမံကိန်း စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဆွေးနွေးဖို့ လိုအပ်ပါ တယ်။ မြေပိုင်ရှင် တောင်သူများမှ ၂၀ ရာခိုင်နှုန်း၊ အစိုးရက ၈၀ ရာခိုင်နှုန်း အချိုးနဲ့ ခွဲဝေစေပြီး စက်မှုဇုန် တည်ထောင်ရန် လို့ ဖော်ပြထားတဲ့ပေါ်မှာ အစိုးရအနေနဲ့ ဒေသခံတောင်သူများအနေနဲ့ ရှင်းရှင်းလင်းလင်း သိရှိ နားလည်အောင် ပြောပြ ထား သင့်ပါတယ်။ လယ်ပိုင်ရှင် တောင်သူတွေကို ၂၀ ရာခိုင်နှုန်း အချိုးနဲ့ ခွဲဝေမယ့် ကိစ္စကို လက်မခံနိုင်တဲ့ တောင်သူတွေ လည်း ရှိနေတယ် ဆိုတာကို ကျမတို့ ကြားသိနေရပါတယ်”ဟုလည်း ဒေါ်မိုးမိုးစုကြည်က ပြောသည်။
စက်မှုဇုန် တည်ထောင်ရန် လျာထားသည့် လယ်ယာ မြေဧကများမှာ ကွမ်းခြံကုန်း မြို့နယ်တွင် ၁၀၉၁ ဒသမ ၉၆ ဧက၊ ကော့မှူးတွင် မြေဧက ၁ ထောင်၊ တွံတေးတွင် ၈၅၀ ဧက၊ သန်လျင်တွင် ၁၀၈၈ ဧက၊ ကျောက်တန်း၌ ၁၀၅၁ ဒသမ ၃၆ ဧက နှင့် ခရမ်းမြို့နယ်တွင် ဧက ၁၀၀၀ တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။
ထို့အပြင် သုံးခွမြို့နယ်တွင် ၁၈၇၁ ဧက ၊ တိုက်ကြီးတွင် ဧက ၁၀၀၀၊ မှော်ဘီတွင် ၇၅၀ ဧက၊ လှည်းကူး၌ ဧက ၁၀၀၀ နှင့် တန်းတပင် မြို့နယ်တွင် ၁၆၀၀ ဧကတို့ကို စက်မှုဇုန် တည်ထောင်ရန် လျာထားကြောင်း သိရသည်။