ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောက်ထုတ်လုပ်ငန်းများကို မွန်ပြည်နယ်လွှတ်တော်က တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာရေးသုံးသပ်ရေးကော်မတီက ဇွန် ၁၂ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ရာ ကျောက်မိုင်းလုပ်ငန်းများတွင် တရားဥပဒေစိုးမိုးမှု ပျောက်ကွယ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။
“ပြီးခဲ့တဲ့ ဒီလွှတ်တော်မှ တင်ခဲ့တဲ့အဆိုနဲ့ တိုက်ရိုက်ဆက်စပ်နေတာပေါ့၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ လုပ်ငန်းတွေဟာ ဒီကျောက်မိုင်းလုပ်ငန်းတွေမှာ လုံးဝ ပျောက်ကွယ်နေတယ်ဆိုတာ အဓိကတွေ့ရတာပေါ”ဟု ၎င်းက ပြောဆိုလိုက်သည်။
ပြည်နယ်လွှတ်တေ်ကော်မတီသည် ဇွန် ၁၂ ရက်နေ့တွင် ကျောက်ထုတ်လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီ ဇွန် ၁၃ ရက်နေ့၌ ကျိုက်ထိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ကျောက်မိုင်းလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် ကျောက်ထုတ်စခန်းများ၌ ကျောက်ကျင်းရေမည်မျှထုတ်လုပ်နေသည်ကို ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနအနေဖြင့် တကြိမ်မျှ မစစ်ဆေးထားမှုမရှိကြောင်း ယင်းဌာနတာဝန်ရှိသူက မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာရေးသုံးသပ်ရေးကော်မတီသို့ တင်ပြခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရင်တော့ လက်ရှိခွင့်ပြုချက်ယူထားတဲ့ ကျောက်ကျင်းအရေအတွက်နဲ့ မြေပြင်မှာ လုပ်ကိုင်နေတဲ့ဟာ အဆ ရာနဲ့ချီပြီးကွာတာ မျက်ဝါးထင်ထင် တွေ့ရတယ်၊ ဒါကနေ့စဉ်ရောင်းချတဲ့ ဟာမျိုးမဟုတ်ဘဲနဲ့ လက်ရှိပုံထားတဲ့ ကျောက်နဲ့ကြည့်တာတောင်မှ မြေပြင်သက်သေအနေနဲ့ တွေ့ရတယ်”ဟု ဦးအောင်ကျော်သူက ဆိုသည်။
ထို့ပြင် ကျောက်ထုတ်လုပ်စခန်းများက ၎င်းတို့ဧရိယာအတွင်း သစ်ပင်ခုတ်ခွင့်များကိုလည်း မြို့နယ်သစ်တောဦးစီးဌာနထံ အကြောင်းကြား တင်ပြခဲ့ခြင်းများမရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူတဦးက ပြည်နယ်လွှတ်တော်ကော်မတီထံသို့ တင်ပြခဲ့သည်။
ယင်းကျောက်ထုတ်လုပ်ငန်းများတွင် နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေသည့် ကျောက်ထုတ်လုပ်ငန်း ၁၀ ခုဝန်းကျင်ရှိနေပြီး နိုင်ငံခြားသား ၄၀ ဝန်းကျင်သည် ကျောက်ထုတ်လုပ်ငန်း၏ လုပ်ငန်းခွင်ထဲရှိနေကြောင်း ကျိုက်ထိုမြို့နယ် လဝက မှလည်း ပြည်နယ်လွှတ်တော် ကော်မတီထံသို့ ရှင်းပြခဲ့သည်။
ထို့အပြင် ကျောက်ကျင်းရေ သောင်းနှင့်ချီထုတ်လုပ်နေသော ကျောက်ထုတ်လုပ်ငန်းအကြီးစားမှာ မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်ထံ ခွင့်ပြုချက်ရယူထားခြင်းမရှိကြဘဲ၊ သက်ဆိုင်ရာမြို့နယ် ခရိုင်များ၏ ခွင့်ပြုချက်များဖြင့် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်ထဲတွင် လမ်းခင်းကျောက် ထုတ်လုပ်မှုမှ ဓာတ်သတ္တုခွန်အဖြစ် ပြည်နယ်ဘဏ္ဍာငွေ ကျပ်သိန်း ၄၅၀၀ ရရှိခဲ့သော်လည်း ထိုဘဏ္ဍာငွေသည် ပျက်စီးသွားသည့် သဘာဝတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ရန် လုံလောက်သော အခွန်ငွေမဟုတ်သဖြင့် စည်းကမ်းမဲ့ ကျောက်ထုတ်လုပ်ငန်းများကို ပြည်နယ်အစိုးရအနေဖြင့် ကြပ်မတ်သွားရန် လိုအပ်နေကြောင်း ဦးအောင်ကျော်သူက ဆိုသည်။
“ကျောက်လိုအပ်ချက်တွေရှိနေတယ်ဆိုတာ မှန်ပေမယ့်လည်း မြေပြင်မှာ လုပ်နေတဲ့ အချက်တွေက ဒေသခံပြည်သူရဲ့ ထိခိုက်နစ်နာမှုတွေ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာဆုံးရုံးမှုတွေ များစွာဖြစ်နေတယ်၊ ကျောက်ကနေ အကျိုးဆက်က ဘယ်လောက်ထိရှိလဲ ခံစားရတဲ့ အကျိုးဆက်က ဘယ်လောက်ထိ ဖြစ်နေလဲဆိုတာကို ပြန်လည်တိုင်းတာပြီး လုပ်သင့်တယ်”ဟု မွန်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့စည်းမှ ကိုထွန်းအောင်က ပြောသည်။
မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက မွန်ပြည်နယ်တွင် စည်းကမ်းနှင့် မညီသော ကျောက်ထုတ်လုပ်ငန်းများ၊ ကျောက်ထုတ်လုပ်ငန်းကြောင့် ဒေသခံပြည်သူအပေါ် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်ဆိုင်ရာ ထိခိုက်မှုရှိလာပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူပေးသွားမည်ဖြစ်ကြောင်း ဇွန် ၈ ရက်နေ့ ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (သတ္တမနေ့) တွင် ပြောဆိုထားသည်။
ကျိုက်ထိုမြို့နယ်ရှိ ကျောက်ထုပ်လုပ်ငန်း ၅၅ ခုက ပြီးခဲ့သည့်နှစ်တွင် ကျောက်ထုတ်လုပ်ခွင့် တင်ထားသည့် မြေဧရိယာသည် ၈၄ ဧကသာရှိကြောင်း မြို့နယ်မြေစာရင်းဌာနမှ တာဝန်ရှိသူက ပြည်နယ်လွှတ်တော် ကော်မတီသို့ ရှင်းပြခဲ့သည်။
ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ လမ်းခင်းကျောက် ထုတ်လုပ်ရာတွင် မြေဧရိယာ တဧကလျှင် ကျောက်ကျင်းရေ ၁၀၀၀ ကျင်းသာ ထုတ်လုပ်ခွင့်ရှိကြောင်း ပြောဆိုခဲ့သည်။
ယင်းဒေသအတွင်းရှိ ကျောက်ထုတ်လုပ်ငန်းအချို့သည် ကျောက်ထုတ်လုပ်မှု အရေအတွက် များသော်လည်း သက်ဆိုင်ရာမှ ကျောက်များခွဲရန် ယမ်းဝယ်ယူမှုများ နည်းပါနေသဖြင့် တရားမဝင် ပေါက်ကွဲအားကောင်းသော မှောင်ခိုယမ်းများ ဝယ်ယူလုပ်ကိုင်နေသည်ဟု သံသယ ရှိမိကြောင်း ကျိုက်ထိုကျောက်ထုတ်လုပ်မှုကုမ္ပဏီ ဥက္ကဋ္ဌက ဦးအောင်ဇင်ဦးက ယင်းတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်ရထားသည့် ကျောက်ထုတ်လုပ်ငန်း ၁၀၉ ခုရှိနေပြီး ကျိုက်ထိုမြို့နယ်၌ လမ်းခင်းကျောက် ထုတ်လုပ်နေသည့် ကျောက်ထုတ်လုပ်ငန်း ၅၅ ခုရှိကာ ပြည်နယ်၏ ကျောက်ထုတ်လုပ်ငန်း အများဆုံးတည်ရှိရာ နေရာလည်းဖြစ်သည်။
ထိုအပြင် ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာ ရွာအဝင်လမ်း၌ ကျေးရွာအတွင်း ကျောက်ကားများမဝင်ရ ဒဏ်ငွေ ၁၀၀၀၀ (ပုံ) ကျေးရွာအုပ်ချုပ်ရေးမှူးဟု ဆိုင်းဘုတ်တပ်ထားသည့် ကျေးရွာအတွင်း ကျောက်ထုတ်လုပ်ငန်း အကြီးစားများရှိနေခြင်းလည်းဖြစ်သည်။