အဆိုတော် အစ္စဏီအား မုဒိမ်းမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတဲ့ အမှုရဲ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ မဇာခြည်ဌေး (ခေါ်) စူးရှထက်က ခွင့်မဲ့ ပျက်ကွက်ခဲ့တာကြောင့် မစစ်ဆေးဖြစ်ခဲ့ဘဲ နောက်တကြိမ် ရုံးချိန်းကို ပြန်လည် ချိန်းဆိုခဲ့တယ်လို့ တာမွေမြို့နယ် တရားသူကြီးထံမှ သိရပါတယ်။
အဆိုပါ ၆ ကြိမ်မြောက် တရားရုံးချိန်းကိုတော့ ယနေ့၊ ဇွန်လ ၁၅ ရက်နေ့၊ တာမွေမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပြီး တရားလိုဖြစ်သူ မဇာခြည်ဌေး(ခေါ်) စူးရှထက်က ဥပဒေ ရှေ့နေထံ ခွင့်တိုင်ကြားခဲ့ခြင်း မရှိဘဲ ပျက်ကွက်ခဲ့တာကြောင့် နောက်တကြိမ် ရုံးချိန်းမှာတော့ တရားလိုနဲ့ မှုခင်းဆရာဝန်ကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီနေ့ ရုံးချိန်းမှာတော့ ရှေ့နေ ၃ ဦး ပါဝါတင်ပါတယ်။ တရားလိုနဲ့ မှုခင်းဆရာဝန်ကို စစ်ဖို့အတွက် ၂၅ ရက်နေ့ကို ချိန်းဆို ထားပါတယ်။ တရားလိုကတော့ ဥပဒေအရာရှိမှ တရားလိုဘက်မှ ဆက်သွယ်ခြင်း မရှိဘဲ ခွင့်မဲ့ ပျက်ကွက် ခဲ့ပါတယ်။ တရားလိုကို နောက်တကြိမ် ရုံးချိန်းလာရောက်ဖို့ အတွက် ဆင့်ခေါ်စာ ထပ်မံ ချိန်းဆိုထားပါတယ်” လို့ တာမွေမြို့နယ် တရားသူကြီးက ပြောပါတယ်။
စွပ်စွဲခံရသူ ဘက်မှလည်း ယခင်အပတ်က ရှေ့နေပါဝါကို ရုတ်သိမ်းခဲ့ပြီး ယခုရုံးချိန်းမှာတော့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဇင်ဦး၊ ဒေါ်တင်တင်မြင့်နဲ့ အထက်တန်းရှေ့နေ ဒေါ်မြတ်မြတ်ခိုင်၊ ဦးအောင်ရဲကျော်တို့က ကိုယ်စားလှယ် ပါဝါ တင်ခဲ့ပါတယ်။
ရှေ့နေ ပြောင်းလဲခဲ့တာနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူ အဆိုတော် အစ္စဏီရဲ့ အစ်ကို ဝမ်းကွဲ ဖြစ်သူက “ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တဲ့ သဘောပါပဲ။ တရားလို စူးရှထက် မလာတဲ့အတွက် ကျနော်တို့က တပတ်နဲ့ တပတ် နစ်နာတာပေါ့”လို့ ပြောပါတယ်။
အဆိုတော် အစ္စဏီ (ခေါ်) ဟန်ထွန်းဇော်ကိုတော့ တာမွေမြို့နယ် တရားရုံးမှာ ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊၃၂၃ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – စွပ်စွဲခံရသူဘက်မှ ရှေ့နေများ ပြောင်းလဲသွားမယ့် အဆိုတော် အစ္စဏီ