မြန်မာနိုင်ငံ အတွင်း ဇွန်လဆန်းပိုင်းမှ စ၍ မိုးရက်ဆက်ရွာသွန်းမှုကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့ ရှိ စိုက်ခင်းဧက ၁ သိန်းကျော် ရေဝင်နစ်မြုပ်ရပြီး ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးရုံးများမှ သိရသည်။
မိုးရွာသွန်းမှုကြောင့် ရေဝင်နစ်မြုပ်၊ ပျက်စီးဆုံးရှုံးမှု စာရင်းများတွင် နွေနှမ်း၊ မိုးနှမ်း၊ မိုးကြိုနှမ်း၊ နွေစပါး၊ မိုးကြိုပဲတီစိမ်း၊ မိုးပဲတီစိမ်း၊ မိုးမြေပဲ၊ နေကြာ၊ ပဲစင်းငုံနှင့် အခြား ရာသီသီးနှံများ ပါဝင်သည်ဟု ဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ ခု၌ နွေစပါး ၄၈၀၇ ဧက၊ မိုးစပါး ၆၄၂၀၊ နွေနှမ်း ၅၄၅၄၇ ဧက၊ မိုးနှမ်း ၉၃၈ ဧက၊ မိုးကြိုပဲတီစိမ်း ၆၃၈၄ ဧက၊ မိုးပဲတီစိမ်း ၉၀၀ ဧက၊ မိုးမြေပဲ ၅၉ ဧက၊ နေကြာ ၂၀ဧက၊ ပဲစင်းငုံ ၁၁ ဧက၊ အခြားသီးနှံ ၃ ဧကတို့ ရေဝင်နစ်မြုပ်ခဲ့ကြောင်း တိုင်း စိုက်ပျိုးရေး ရုံးများက ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ တိုင်းဦးစီးမှူးက “ပျက်စီဆုံးရှုံးမှုတွေကို အစိုးရအဖွဲ့ရုံး သီးသန့် သဘာဝ ဘေး ရန်ပုံငွေကနေ ထောက်ပံ့ပေးဖို့ တင်ပြသွားမှာပါ။ မိုးစပါး အတွက် မျိုးစပါးတွေ လိုခဲ့ရင် အမြန်ဆုံး ပြန်အစားထိုးနိုင်ဖို့ မျိုးစပါးတင်း ၃၀၀၀ ဝယ်ဖို့ အစိုးရအဖွဲ့ရုံးကို တင်ပြထားပါတယ်။ အရင်နှစ်တွေကတော့ ဒီလောက် ရေဝင်တာတွေ ပျက်စီး တာတွေမရှိခဲ့ပါဘူး”ဟု ပြောပြသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၌ နွေနှမ်း ၉၃၄ ဧက၊ မိုးမြေပဲ၊ ပဲစင်းငုံ၊ မိုးပဲတီစိမ်း ၁ ဧကစီ ပျက်စီးမှုရှိကြောင်း ပျက်စီး ဆုံးရှုံးမှု စာရင်းများအရ သိရသည်။
မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျင်မောင် က“ကျနော်တို့ဆီမှာ ထိခိုက် တာပဲ ရှိပါတယ်။ ပျက်စီးတာတော့ အလွန်နည်းပါတယ်။ မိုးကြိုနှမ်းမှာတော့ ရေနည်းနည်း ဝင်ထားတာတော့ ရှိပါတယ်။ ကျန် တဲ့ စိုက်သီးနှံတော့ မရှိပါဘူး။ ပြီးတော့ ကြီးကြီးမားမား ပျက်စီးတာမျိုးလည်း မရှိသေးပါဘူး”ဟု ပြောသည်။
မိုးရွာသွန်းမှုများကြောင့် မန္တလေးတိုင်း အတွင်းရှိ ပုသိမ်ကြီးမြို့နယ်တွင် နွေနှမ်းဧက ၃၃၄ ဧက၊ ကျောက်ပန်းတောင်း မြို့နယ်တွင် နွေနှမ်း ဧက၂၁၆၉ ဧက၊ နွားထိုးကြီး မြို့နယ်တွင် မိုးကြိုနှမ်း ၅၅ ဧ၊ ငါန်းဇွန်မြို့နယ်တွင် ၄၅၀ ဧက ရေဝင် ထိခိုက်ခဲ့ပြီး ငါန်းဇွန်မြို့နယ်တွင် နွေနှမ်း ၆၆ ဧက၊ အစေ့ထုတ်ပြောင်း ၁ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“မန္တလေးတိုင်းမှာတော့ ထိခိုက်မှုလောက်ပဲ ရှိတာ။ ပျက်စီးဆုံးရှုံးမှုက မများပါဘူး။ ရေဝင်နစ်မြုပ်တာကြောင့် အထွက်နှုန်း တော့ ထိခိုက်မှု ရှိလာနိုင်ပါတယ်။ အမှန်တကယ် ပျက်စီးတာတွေကိုတော့ တိုင်းဒေသကြီး သဘာဝဘေး ရန်ပုံငွေကနေ ထောက်ပံ့ပေးတာမျိုးရှိတယ်၊ ဒီနှစ်လည်း ပျက်စီးစာရင်းတွေကို တင်ပြရဦးမှာပါ”ဟု ဦးကျင်မောင်က ပြောသည်။
စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့၌ ဇွန်လ ၁၄ ရက် အထိ စိုက်ဧက ၇၇၀၉၇ ဧက ရေဝင်နစ်မြုပ်ခဲ့ရာ ၁၀၀၅ ဧက ပျက်စီးခဲ့ ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်း ၇၄၀၈၉ ဧက ရေဝင်နစ်မြုပ်ခဲ့ပြီး ၉၃၈ ပျက်စီးကာ မန္တလေးတိုင်း အတွင်းမူ ၃၀၀၈ ဧက ရေဝင် နစ်မြုပ်ခဲ့ပြီး ၆၇ ဧက ပျက်စီးခဲ့ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနရုံး စာရင်းများအရ သိရသည်။
မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာနက ဇွန်လ ၁၅ ရက် နံနက်ပိုင်းအထိ ကောက်ယူထားသော စာရင်းများအရ ရေနစ်မြှပ် သွား သည့် စိုက်ပျိုးမြေ ဧကပေါင်း ၈ သောင်း ၆ ထောင်ကျော်ရှိသည့် အနက် မုန်းချောင်း အနီးတွင် ရှိသော ပွင့်ဖြူမြို့နယ် တွင် ဧက ၂ သောင်းကျော်၊ မင်းဘူးမြို့နယ်တွင် ၂ သောင်းနီးပါးဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းက “လောလောဆယ်မှာ ရေပြန်မကျသေးတော့ ကွင်း အလိုက်ကို ဘယ်လောက် နစ်မြုပ်သွားတယ် ဆိုတာပဲ မြို့နယ်အဖွဲ့တွေနဲ့ ကွင်းသမားတွေပေါင်းပြီး ခန့်မှန်းစာရင်း ကောက် ယူ ထားတာဖြစ်ပါတယ်။ ဒီနှစ်က မိုးဦးကောင်းသွားတော့ ရိတ်သိမ်းချိန် မရလိုက်ဘဲ နှမ်းစိုက်ခင်း အတော်များများ ပျက်စီး ဆုံးရှုံးကြတယ်” ဟု ဧရာဝတီကို ပြောသည်။
မိုးဆက်တိုက် ရွာသွန်းမှုများကြောင့် မကွေးတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားသည့် အပြင် ၅ ဦးသေဆုံးမှု ရှိခဲ့ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ကယ်ဆယ်ရေးဌာနမှ နောက်ဆုံး ကောက်ယူထားသော စာရင်းများအရ သိရသည်။
အဆိုပါ ကယ်ဆယ်ရေး ဌာနမှ တာဝန်ရှိသူ တဦးက “လက်ရှိတက်လာတဲ့ ရေကြီးနစ်မြုပ်စာရင်းတွေ အရ ကံမမြို့နယ်က ပျက်စီးမှု အများဆုံး ဖြစ်ပါတယ်။ ပွင့်ဖြူက အိမ်ခြေ အများကြီး မထိခိုက်ပေမယ့် စိုက်ပျိုးမြေတွေ အများကြီး ထိခိုက်သွား တယ်။ ဒီနေ့တော့ ပခုက္ကူ၊ ရေစကြိုဘက်ကို ပြည်ထောင်စုဝန်ကြီး သွားကြည့်နေပါပြီ”ဟု ဧရာဝတီကို ပြောသည်။
ဇွန်လ ၁၄ ရက်အထိ ကောက်ယူထားသော စာရင်းများအရ မကွေးတိုင်းအတွင်း ရေဝင်အိမ်ခြေပေါင်း ၂ ထောင်နီးပါးနှင့် မျောပါ အိမ်ခြေ ၃၃ လုံးရှိပြီး ပြောင်းရွှေ့လူဦးရေ ၄၄၀၀ ခန့်ရှိရာ ကယ်ဆယ်ရေးစခန်း ၉ ခုဖွင့်လှစ်ထားကြောင်း သိရ သည်။
မကွေးတိုင်း၌ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မိုးရာသီက ယခုကဲ့သို့ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းသဖြင့် ရေကြီးရေလျှံမှု များ ဖြစ်ပွား ခဲ့သော်လည်း မိုးလယ်ကာလတွင် ရွာခဲ့သောကြောင့် သီးနှံအများစု ရိတ်သိမ်းချိန် ရလိုက်သဖြင့် ပျက်စီး ဆုံးရှုံး မှု မများခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ခုံစုရွာမှ နှမ်းစိုက်တောင်သူ ကိုဇော်ဇော် က ပြောသည်။
၎င်းက“အခုအချိန်ကတော့ ရေမြုပ်တဲ့ရွာတွေက ချောင်းနား ကမ်းနားနဲ့ဝေးတဲ့ ရေလွတ်တဲ့ နေရာတွေမှာ လူနေလို့ရရုံ မိုးကာလေး ကာပြီး အရေးပေါ်ရွေ့ကြရတုန်းပဲ။ ဒီနေ့ မိုးလေးစဲသွားလို့ တော်သေးတယ်။ ဆက်ရွာမယ်ဆိုရင် ကျနော်တို့ ရွာလည်း ရေဝင်လာတော့မယ်။ အဲဒါကြောင့် အဆင်သင့် ပြင်ထားရတယ်”ဟုလည်း ပြောဆိုသည်။
မကွေးတိုင်း အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္ထရာ၊ မင်းတုန်း၊ မင်းလှ၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ပခုက္ကူ၊ မြို့သစ်မြို့ များ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ တံတားများ၊ လမ်းများ ပျက်စီးခြင်း၊ ရေကျော်ခြင်း၊ ကမ်းပါးများပြိုခြင်း၊ လူနေအိမ်ခြေများနှင့် စိုက်ပျိုးမြေများအတွင်း ရေနစ်မြုပ်ခြင်းများ ကြုံတွေ့ ခံစားရလျက် ရှိကြောင်း ဒေသခံများထံမှ သိရ သည်။
မကွေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်းက “ဒီနှစ်မိုးကြောင့် မကွေးမှာ လူအသေပျောက် ထက် စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးမှု ပိုများသွားတယ်။ အဲဒီ ဆုံးရှုံးနစ်နာမှုတွေအတွက် မတောင်းဆိုချင်ပေမယ့် ဘယ်လို စီမံ ချက်နဲ့ ပြန်လုပ်ပေးမလဲ ဆိုတာတော့ တိုင်းအစိုးရ အဖွဲ့ကို ပြန်မေးခွန်းထုတ်ရမယ့် ကိစ္စပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့်တပတ်မှ စတင်၍ မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် မိုးဆက်တိုက်ရွာသွန်းပြီး မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့ တွင် ရေကြီးနစ်မြှပ်မှုများ အဆိုးဆုံးကြုံတွေ့နေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနမှ သိရသည်။
ဇွန်လ ၁၅ရက် မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်အရ မုတ်သုံလေ အားကောင်းနေသဖြင့် တနိုင်ငံလုံးတွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး မိုးရွာသွန်းနိုင်ခြေမှာ ရာနှုန်းပြည့်ဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒက သတင်း ထုတ်ပြန်သည်။
ဒီလှိုင်းဝင်း နှင့် မြတ်ပြည့်ဖြိုး ပူးပေါင်း ရေးသားသည်။