သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း၏ ဒီမိုကရေစီနိုင်ငံတော်သစ်နှင့်် သမ္မတဦးသိန်းစိန် စာအုပ်ပါ သာကူး၊ သူခိုးကို ဓားရိုးကမ်း စသည့်ရေးသားမှုများအပေါ် သီးခြားတုံ့ပြန်ရန် မလိုအပ်ဟု ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြား လိုက်သည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇွန်လ ၁၄ ရက်နေ့ကပြုလုပ်သော သူရဦးရွှေမန်းရေးသားသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ နုတ်ထွက်ခြင်းဆိုုင်ရာ လေ့လာတွေ့ရှိချက် စာအုပ်အကြောင်း မိတ်ဆက် ရှင်းလင်းသည့် အခမ်းအနားတွင် မီဒီယာများ၏မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဦးစိုုးသိန်းက ကျနော့်သူငယ်ချင်းပါ။ ဘာမှ တုံ့ပြန်စရာမလိုပါဘူး။ သူ့အထင် သူ့အမြင်တွေနဲ့ သူ့ဟာသူ ထင်နိုင်တယ်၊ မြင်နိုင်တယ်။ ဒါက သူ့ရဲ့လွတ်လပ်ခွင့်” ဟု သူရဦးရွှေမန်းက ပြောသည်။
သို့ရာတွင် ယင်းထင်မြင်ပြောဆိုမှုများသည် တဖက်သားကို ထိခိုက်သည်၊ နိုင်ငံအတွက် စည်းလုံးညီညွှတ်မှုှုကို ပျက်ပြားစေသည်ဆိုပါက ပြောဆိုသူကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပတ်ဝန်းကျင်က ဆုံးဖြတ် ပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် မိမိမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်မဟုတ်သကဲ့သို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်လည်း မဟုတ်ကြောင်း၊ မည်သည့်ပါတီဝင်မှ မဟုတ်ကြောင်း၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ ရာထူးရယူထားသည်ဆိုသော်လည်း ပါတီတခု အတွက်၊ ပုဂ္ဂိုလ်တဦးအတွက် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးအတွက် ရှေးရှုဆောင်ရွက် နေခြင်းသာဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
“ကော်မရှင်ဟာ ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာကြည့်တယ်။ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးအတွက် လုပ်မယ်။ လူတယောက်အတွက် မဟုတ်ဘူး၊ အဖွဲ့အစည်းတခုအတွက်လည်း မဟုတ်ဘူး။ ရှင်းရှင်းပြောမယ်၊ အစ်မ အတွက်လည်း မဟုတ်ဘူး၊ အဲဒီပါတီအတွက်လည်း မဟုတ်ဘူး” ဟု သူရဦးရွှေမန်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီအနိုင်ရမည်ဟု ယုံကြည်ထားကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုစဉ်ကာလက စကားပြောခဲ့ ရာတွင်လည်း မိမိတို့ ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပါက ထိုက်တန်သည့်နေရာတခု ရယူကာ ကူညီတာဝန်ယူ ပေးရန်ပင် ပြောဆိုခဲ့ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
“သဘောက ရှုံးမှာကြောက်လို့ သွားခိုတာလည်း မဟုတ်ဘူး။ သာကူးလည်း မဟုတ်ဘူး” ဟု သူရဦးရွှေမန်းက ဆိုသည်။
၎င်းအား တချို့သောသူများက ခြံခုန်သည်ဟုပင် စွပ်စွဲပြောဆိုမှုများအထိ ရှိခဲ့သော်လည်း ကိုယ့်အကြောင်း ကိုယ်သိကြောင်း၊ ၎င်းအနေဖြင့် မခံယူကြောင်း သူရဦးရွှေမန်းက ပြောသည်။
“ပြည်သူ့မျက်နှာ၊ တိုင်းပြည်မျက်နှာ ကြည့်မယ်။ ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးအတွက် ကျနော်ပြောမှာ။ ခုနက ခြံခုန်တယ်တို့၊ သာကူးတို့ ဘာညာဘာညာဆိုတာ သူ့ဘာသာပြောချင်လို့ပြော၊ ကြိုက်တဲ့သူပြော၊ ကိုယ်က မခံယူဘူးဆိုရင် အဲဒီဟာ သူ့ဆီပြန်ရောက်သွားရော” ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ဦးစိုးသိန်းရေးသားသော ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် သမ္မတဦးသိန်းစိန်စာအုပ်ပါ အစိုးသစ်၏ နောက်ပိုင်း ကာလ အခန်းတွင် “တကယ်တော့ လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အောင်နိုင်မည့်ပုံမပေါ်တော့သဖြင့် မိမိပါတီအတွက် အလံရှူးများအဖြစ်သာ ဟန်ဆောင်ကြပါတော့သည်။ ပုဂ္ဂိုလ်အတော်များများက အနိုင် ရရှိနိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အောက် အကြောင်းမျိုးစုံပြ၍ လက်နက်ချလိုက် ကြပါတော့သည်” ဟု ရေးသားထားသည်။
ဆက်လက်ပြီး “နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးငှာ မည်သည့်ပါတီနှင့်မဆို ပူးပေါင်းဆောင်ရွက်မည် ဆိုသော်လည်း အခြားတဖက်က ပြောရလျှင် နှစ်ပေါင်း ၄၀ ခန့် တပ်မတော်သား အဆင့်မြင့် ခေါင်းဆောင်များ အဖြစ် တာဝန် အမျိုးမျိုး ခံစား၊ စံစားပြီးမှ သစ္စာဖောက်သွားကြသည်။ သာကူးများဟု ဆိုနိုင်ပါသည်။ အများ အမြင်တွင် အယောင်ဆောင်ကောင်းလှသော မြေခွေးများပင်။ အချို့က ပြောကြသည်မှာ ထမင်းကျွေးသော လက်ကို ကိုက်ကြသူများဟု ကြားရပြန်သည်” ဟု အမည်တပ်ကာ ပြောဆိုခြင်းမပြုသော်လည်း အထက်ပါ အတိုင်း ရေးသားထားသည်ကို တွေ့ရသည်။
သူရဦးရွှေမန်းက “ဦးစိုးသိန်း၊ ကျနော့်သူငယ်ချင်းက ကျနော့်ကို ပြောဆိုစွပ်စွဲတယ်ဆိုတာက သူ့ရဲ့ စေတနာနဲ့ သူ့ရဲ့အရည်အချင်း၊ အားလုံး စဉ်းစားကြည့်ပေါ့ဗျာ” ဟု ဆိုသည်။
တိုင်းပြည် တိုးတက်အောင် ဆောင်ရွက်ရာတွင် ၎င်းဘက်တွင် ရှိသည့်အရည်အချင်းကောင်းများ၊ ဒေါ်အောင်ဆန်းစုကြည် ဘက်တွင်ရှိသည့် အရည်အချင်း ကောင်းများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်လျှင် ကောင်းမွန်မည်ဟု ယုံကြည်သည့်အတွက် အမျိုးသားရင်ကြားစေ့ရေးကို တစိုက်မတ်မတ် ဆောင်ရွက် ခဲ့ကြောင်း၊ ထို့သို့ဆောင်ရွက်ခဲ့သည့့် အတွက် ၎င်းအနေဖြင့် မည်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
“ဘယ်လောက်ပဲ စေတနာထားပြီး ကြိုးစားလုပ်လုပ် ကျနော်တို့ဘက်က လိုအပ်ချက်တွေလည်း ရှိနိုင်ပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ ဒီလိုကြိုးစားအားထုတ်မှုတွေအရ ကျနော် ဒဏ်ရာဒဏ်ချက်တွေ ရခဲ့ပါတယ်။ အဲဒီ ဒဏ်ရာဒဏ်ချက် တွေကိုလည်း ကျနော့်အနေနဲ့ နိုင်ငံအတွက်၊ လူမျိုးအတွက် လုပ်ရင်းနဲ့ရတဲ့ ဆုလာဘ်လို့ပဲ သဘောထားပြီး လက်ခံပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး တပ်မတော်တွင် ၂၀၁၀ ပြည့်နှစ် အထိ ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာကြောင်း သိရသည်။
ယခုအခါ ၎င်းသည် နေပြည်တော်တွင် နေထိုင်လျက်ရှိပြီး ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ယနေ့အချိန်အထိ တာဝန် ထမ်းဆောင်လျက် ရှိသကဲ့သို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွန် နီးကပ်သည့် ဆက်ဆံရေး တခု ထူထောင်ထားနိုင်ခဲ့သည်ဟု ဆိုသည်။