သတင်း

ထိုင်းအစိုးရက တရားမဝင် အလုပ်သမားဖမ်းမိလျှင် ပြည်နှင်ဒဏ်ပါ ချမှတ်မည်

ထိုင်းအစိုးရက တရားမဝင်ရွှေ့ပြောင်း အလုပ်သမား စိစစ်မှုကို ဇူလိုင်လ ၁ ရက်နေ့က စတင်၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး တွေ့ရှိပါက ထောင်ဒဏ်၊ ငွေဒဏ်နှင့် ပြည်နှင်ဒဏ်များချမှတ် အရေးယူသွားမည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ ယခုလ ဒုတိယပတ် သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၇ ခုနှစ်တွင်ပြဌာန်းထားသော နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲ့မှု ဥပဒေအရ ဆောင်ရွက်မည် ဖြစ်ပြီး အထောက် အထားမဲ့ အလုပ်သမားများကို ဖမ်းဆီးရမိလျှင် အလုပ်သမားသာမက အလုပ်ရှင်ပါ အရေးယူခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၏ မဲဆောက်မြို့ အခြေစိုက် အလုပ်သမားရေးရာ သံအရာရှိ ဦးအောင်မင်း က ပြောသည်။

“အခုလောလောဆယ်တော့ အလုပ်သမားတွေအနေနဲ့ အထောက်အထားမရှိဘူးဆိုရင် ပြန်လို့ရတဲ့ အတိုင်းအတာမှာ ရှိတာပေါ့။ ပြန်မယ် ဆိုလို့ရှိရင် သူတို့အနေနဲ့ အရေးယူ ဆောင်ရွက်မှာ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ ပေးသွားမှာ ဖြစ်ပြီးတော့မှ အကယ်၍ ၇ လပိုင်း ရောက်သွားပြီဆိုရင်တော့ ဒီဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သွားမယ် ဆိုပြီးတော့မှ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထား တာရှိပါတယ်” ဟု ၎င်းကဧရာဝတီသို့ ပြောသည်။

ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေအရ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ အပါအဝင် လာအိုနှင့် ကမ္ဘောဒီယား အလုပ်သမားများ အနေဖြင့် နေထိုင်အလုပ်လုပ်ခွင့် အထောက်အထားများကို ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ရမည် ဖြစ်ပြီး ယင်းကာလကျော်လွန်လျှင် စိစစ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဌ ဦးအောင်ကျော် က “နောက်လ ၁ ရက်နေ့ကနေ စပါတော့မယ် ဆိုတာ ထိုင်းအစိုးရကလည်း သတိပေးနေပြီ၊ ခရိုင်ကလည်း အင်မတန်များတဲ့ အတွက်ကြောင့် ဘယ်နေရာကနေစမယ် ဆိုတာပဲ မသိရသေး တာ” ဟု ဧရာဝတီသို့ ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းက ဇူလိုင်လ ၁ ရက်နေ့မှစ၍ လိုက်လံစစ်ဆေးမှုများ ပြုလုပ်တော့မှာဖြစ်ပြီး ယင်းသို့ စစ်ဆေး ရာတွင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် မရှိခြင်း ခွင့်ပြုထားသည့် အလုပ်ခွင်နေရာ မှားယွင်းလုပ်ကိုင်နေခြင်းတို့ကို စစ်ဆေး တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ (ကျပ် ၂ သိန်းကျော်) မှ ဘတ် ၅၀၀၀၀ (ကျပ် သိန်း ၂၀ ကျော်) ဒဏ်ငွေချမှတ်ခံရမည် ကြောင်းသိရသည်။

ထို့အပြင် အဆိုပါ အလုပ်သမားအနေဖြင့် မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း ခံရမည်ဖြစ်သလို ထိုင်နိုင်ငံသို့ ၂ နှစ်အတွင်း ပြန်လာ အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ပိတ်ပင်ထားမည်ဖြစ်ကြောင်းသိရသည်။

အလားတူ အလုပ်ရှင်ကိုလည်း နေထိုင် အလုပ်လုပ်ကိုင်ခွင့် အထောက်အထား မရှိသော အလုပ်သမားများကို လက်ခံ အသုံးပြုခြင်းနှင့် နေထိုင်ခွင့်ရှိသော်လည်း ခွင့်ပြုထားသည့် နေရာ မှားယွင်း အသုံးပြုသော အလုပ်ရှင်အား လုပ်သား တဦးချင်းစီအလိုက် ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ဘတ် ၁၀၀၀၀၀ ကျခံရမည်ဖြစ်သလို ထောင်ဒဏ် ၁ နှစ်လည်း ကျခံရမည် ဖြစ်ကြောင်း သိရသည်။

ထိုအခြေအနေထက် ဆိုးရွားပါက အလုပ်ရှင်များကို ထောင် ၁ နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၅၀၀၀၀ မှ ဘတ် ၂၀၀၀၀၀ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သလို အလုပ်သမားငှားရမ်းခွင့်ကိုလည်း ၃ နှစ်တိုင်တိုင် ပိတ်ပင်ခြင်းခံရနိုင်ကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး နောက် ၂၀၁၈ ခုနှစ် ဇွန်လအထိ ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ခွင့် မည်သူမည်ဝါဖြစ်ကြောင်း တရားဝင်အထောက်အထား CI စာအုပ် လုပ်ဆောင်သူ မြန်မာနိုင်ငံသား ၁၁ သိန်းရှိကြောင်းသိရသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားအဖြစ်လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံသားများအနက် မြန်မာ နိုင်ငံသားများသည် အများဆုံးဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံတွင် မြန်မာ လုပ်သား စုစုပေါင်း ၃ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသော်လည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ များကတော့ ၄ သန်းခန့် ရှိကြောင်း ပြောဆိုကြသည်။

Loading