ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ဥပဒေအရ မျှတသည့် ဖြေရှင်းမှုမျိုးကို မျှော်လင့်ကြောင်း ရှစ်လေးလုံးပြည်သူ့ပါတီဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားလိုက်သည်။
၎င်းတို့ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကိုပြောင်းလဲရန် ညွှန်ကြားခဲ့သည့်အပေါ် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြန်လည်သုံးသပ်ပေးရန် ဇွန်လ ၁၅ ရက်နေ့တွင် ရှစ်လေးလုံးပြည်သူ့ပါတီ ဖြစ်မြောက်ရေး ကော်မတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မီဒီယာများကို ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ လူ ၂၀၀ က ကန့်ကွက်လို့ ဒီလိုဆုံးဖြတ်ပါတယ်ဆိုရင် ကျနော်တို့က လူ နှစ်ထောင်၊ လူနှစ်သောင်း၊ လူနှစ်သိန်းက ထောက်ခံကြောင်း တင်ပြမယ်ဆိုရင်ရော ကော်မရှင်အနေနဲ့ ပြန်ပြီးစဉ်းစားမလားမေးတော့ လုပ်ငန်းသဘောအရ စုံညီအစည်းအဝေးဆုံးဖြတ်ချက် ဖြစ်တဲ့အတွက် ဒါကို ပြန်ပြီး သုံးသပ်ဖို့ ပြင်ဆင်ဖို့ မရှိပါဘူးတဲ့။ ဥပဒေအရ မျှတတဲ့ စဉ်းစားဖြေရှင်းမှုမျိုးကို မျှော်လင့်တယ်၊ ဖြစ်စေချင်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
ရှစ်လေးလုံးပြည်သူ့ပါတီအမည်ဖြင့် မှတ်ပုံတင်ခွင့်ပြုရန်လျှောက်ထားခြင်းအပေါ် ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ၂၀၁၈ခုနှစ်၊ မေလ ၅ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က စတင်ကြေငြာခဲ့ပြီး မေလ ၇ ရက်တွင် ဦးချစ်ဆောင်ဦးနှင့် ဦးရေချမ်းဦးတို့အပါအဝင် လူနှစ်ရာကျော်က လက်မှတ်ရေး ထိုးကန့်ကွက်ခဲ့ကြောင်း ကော်မရှင်၏ ညွှန်ကြားစာအရ သိရသည်။
ကန့်ကွက်သူများက မြန်မာနိုင်ငံသား အမျိုးသားတရပ်လုံး၏ သမိုင်းနှင့်သက်ဆိုင်သော အမည်နာမ၊ အထိမ်းအမှတ်၊ အမှတ်အသားများအား လူတစုတဖွဲ့က တည်ထောင်သည့် နိုင်ငံရေးပါတီအမည်ဖြင့် သုံးစွဲ၍ မှတ်ပုံတင်ခြင်းကို ခွင့်မပြုသင့်ဟု ယုံကြည်ကြောင်း စသည်ဖြင့် တင်ပြကန့်ကွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါကန့်ကွက်စာအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့ပြီး ကန့်ကွက်တင်ပြချက်မှာ ခိုင်လုံသည်ဟု ဇွန်လ ၇ ရက်က ပြုလုပ်သည့် အထူးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အတွက် စာဖြင့်ဖြစ်စေ၊ ဂဏန်းဖြင့်ဖြစ်စေ ရှစ်လေးလုံး အမည်မပါသည့် အမည်၊ အလံ၊ တံဆိပ်တို့ကို ပြင်ဆင်ကာ ပြန်လည်တင်ပြရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အပေါ် ပြန်လည်သုံးသပ်ပေးရန် ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေးကော်မတီက အီးမေးလ် ပေးပို့ခဲ့ပြီး ဇွန်လ ၁၅ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူများနှင့် ထပ်မံတွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ဆုံးဖြတ်ချက်အား ပြင်ဆင်နိုင်ခြင်းမရှိဟု အကြောင်းပြန်ခဲ့သည်ဟု ဦးကိုကိုကြီးက ပြောသည်။
ကန့်ကွက်ခဲ့သူများသည် မြန်မာနိုင်ငံသားဟုတ်၊ မဟုတ်နှင့် တင်ပြပါ မှတ်ပုံတင်နှင့် နေရပ်များတွင် အမှန်တကယ်နေထိုင်ခြင်းရှိ၊ မရှိတို့ကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခြင်းရှိ၊ မရှိတို့မှာ မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း၊ ဥပဒေပိုင်းအရ ပြောစရာများ ရှိလာမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
အထက်ပါအချက်များနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တခုကို ရန်ကုန်မြို့ရှိ ရှစ်လေးလုံး ပါတီဖြစ်မြောက်ရေး ကော်မတီရုံးခန်းတွင် ဇွန်လ ၁၇ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။