လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ JCC အား ဖွဲ့စည်းခြင်းကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မှ ကန့်ကွက်ခဲ့သော်လည်း ဇွန်လ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။
“အဓိကနားလည်အောင်ပါ၊ မှတ်တမ်းတင်တာကို လိုက်ပြီး ကန့်ကွက်တယ်လို့ မြင်မှာ စိုးလို့ ရှေ့နောက် မညီတဲ့ဟာကို သေချာရှင်းပြခြင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ နာယကရဲ့ လုပ်ပိုင်ခွင့်နဲ့ လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းတွေ ဖြစ်တဲ့ အတွက် ဘာမှပြောစရာမရှိပါဘူး” JCC အား ဖွဲ့စည်းခြင်းကို ကန့်ကွက်ခဲ့သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်း က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကိုပြောသည်။
ယမန်နေ့က ပြည်ထောင်စုလွှတ်တော်တွင် JCC အဖွဲ့၏ အစီရင်ခံစာကို တင်ပြခဲ့ရာမှ ယင်းအဖွဲ့ ဖွဲ့စည်းခြင်း နှင့် ပတ်သက်ပြီး ယင်းကော်မရှင် သို့မဟုတ် အဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုပါ သတ်မှတ်ပေးရမည်ဟု ဖော်ပြထားသော်လည်း နည်းဥပဒေနှင့် အညီ JCC အဖွဲ့အား ဖွဲ့စည်းခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး မှတ်တမ်းစာအုပ်၏ နောက်ဆက်တွဲဖွဲ့စည်းခြင်းများတွင်လည်း မှတ်တမ်းမရှိကြောင်း ဗိုလ်မှူးဇင်လင်း က သုံးသပ်သည်။
ထို့ပြင် လွှတ်တော်သက်တမ်းကာလ ၂ နှစ်ကျော်အတွင်း ယင်းအဖွဲ့နှင့် ပတ်သက်၍ သက်တမ်း တိုးခြင်းများကို နည်းဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ယခုလို လွှတ်တော်၌ အသိပေးတင်ပြဖွဲ့စည်းခြင်း မရှိသော အဖွဲ့၏ အစီရင်ခံစာကို လွှတ်တော်သို့ အစီရင်ခံစာတင်ပြခြင်းသည် ဥပဒေနှင့် ညီပါသနည်းဟု မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ရှင်းပြသည်။
လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ရေးအဖွဲ့(Joint Corrdinating Committee On Hluttaw Development – JCC) ၏ ၂၀၁၆ – ၂၀၁၇ ခုနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို JCC ဒုတိယဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်ခဲ့သည့် အကြောင်းအရာကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး၊ လွှတ်တော်သို့ တင်သွင်းထားသည့် အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း ပြုလုပ်ရန်အတွက် ကိုယ်စားလှယ်များက စက်ခလုပ်နှိပ် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများသဖြင့် လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။
ဦးအောင်ကြည်ညွှန့်က “လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော် ရုံးဝန်ထမ်းများ၏အရည်အသွေးနှင့် လွှတ်တော် အသီးသီးရဲ့ လုပ်ငန်း တာဝန် ထမ်းဆောင်တဲ့ စနစ် ပိုမို တိုးတက်လာစေရန် အတွက် အဖွဲ့၏ ဆောင်ရွက်ချက်များကို လွှတ်တော် ကိုယ်စားလှယ်များ သိရှိစေဖို့ ပိုမိုကောင်းမွန်တဲ့ အကြံပြုချက်များနှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်မှု ရရှိစေဖို့ အစီရင်ခံစာကို တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။
၂၀၁၆ ခုနှစ် မေလတွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးစီးသည့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ JCC ကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၆ ခုနှစ် မေ ၂ ရက်နေ့တွင် အမိန့်ကြော် ငြာစာအမှတ် (၂၄/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။