လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသကို ယူဂိုဆလားဗီးယား ပြည်ထောင်စု၊ ကိုဆိုဗိုဒေသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သည့် သဘောဖြင့် တပ်မတော်သား ကိုယ်စားလှယ်တချို့က ပြည်သူ့ လွှတ်တော်တွင် ဆွေးနွေးပြောဆိုလျက် ရှိသည်။
ယမန်နေ့ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေး တင်သွင်းသည့် ရ ခိုင်ပြည်နယ် မြောက်ပိုင်းအပါအဝင် နိုင်ငံတော်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် လုံလောက်သည့် ကာကွယ်မှု များ ပြုလုပ်ပေးရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုတရပ်ကို ဆွေးနွေးစဉ် တပ်မတော်က ကိုယ်စားလှယ်တချို့က အထက်ပါ အတိုင်း ဆွေးနွေးကြခြင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင် အချို့၏ ခွဲထွက်ရေး တောင်းဆိုမှုများသည် ၎င်းတို့နှင့် ထိစပ်သည့် နေရာများတွင်သာ အများဆုံး တွေ့ရပြီး ယူဂိုဆလားဗီးယား ပြည်ထောင်စုမှ ခွဲထွက်သည့် ကိုဆိုဗို ပြဿနာသည် အစ္စလာမ် ဘာသာဝင်များ တရားမဝင် ဝင်ရောက် လာမှုမှ စတင်ပြီး လူများစု ဖြစ်သွားရာမှတဆင့် ဖြစ်ပွားခဲ့သည့် ပြဿနာတခု ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထွန်းသန်းအုန်းက ပြောသည်။
ကိုဆိုဗိုစစ်ပွဲတွင် ညီအစ်ကိုဆိုသည့် အမြင်နှင့် ဘာသာရေး ဖိနှိပ်မှုရှိသည်ဟုဆိုကာ အစ္စလာမ် ဘာသာဝင် နိုင်ငံအချို့က ဆာ့ဘ်တို့ကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပြီး အယ်လ်ဘေးနီးယားတို့ကို ကူညီခဲ့ကြောင်း၊ မြေပြင်တွင် အယ်လ်ဘေးနီးယားတို့၏ တိုက်ခိုက်မှုကြောင့် ဆာ့ဘ်လူမျိုးများသည် ကိုဆိုဗိုမှ ထွက်ပြေးခဲ့ရကြောင်း သမိုင်းအထောက်အထားများဖြင့် ၎င်းက ဆွေးနွေးသည်။
၎င်းက“ရခိုင်မြောက်ပိုင်းမှာလည်း ပဋိပက္ခဖြစ်တိုင်း ရခိုင်နဲ့ တိုင်းရင်းသား လူမျိုးတွေပဲ ကိုယ်လွတ်ရုန်း ထွက်ပြေးရတာချည်းပဲ ဖြစ်ပါ တယ်။ ကွဲပြားခြားနားချက်ကတော့ လူမျိုးရေး ပဋိပက္ခ မဟုတ်ဘဲ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်အဖွဲ့က စတင် အကြမ်းဖက် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
ရခိုင်မြောက်ပိုင်း၊ မောင်တောဒေသနှင့် ကိုဆိုဗိုဒေသတို့သည် နိုင်ငံတနိုင်ငံ၏ ပြည်နယ် အစိတ်အပိုင်းတရပ် ဖြစ်ခြင်း၊ ၎င်း၏ အိမ်နီးချင်း တွင် လူဦရေး ပေါက်ကွဲ ထွက်နေသော နိုင်ငံရှိခြင်း၊ ပြည်ထောင်စု၏ အစိတ်အပိုင်းပြည်နယ်ဖြစ်ခြင်း၊ လူဦးရေးတိုးတက်မှုဒဏ်ကို ခံရခြင်း စသည့် အချက်တို့မှာ တူညီနေသည်ဟု ဆိုကြသည်။
ထို့ပြင် ယူဂိုဆလားဗီးယား ပြည်ထောင်စုသို့ အိမ်နီးချင်း အယ်လ်ဘေးနီးယားနိုင်ငံမှ အစ္စလာမ် ဘာသာဝင် အယ်ဘေးနီးယား လူမျိုးများ စိမ့်ဝင်လာခဲ့ခြင်းမှ ဒေသခံ ခရစ်ယန်ဘာသာဝင် ဆာ့ဘ်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင်များကြား ပဋိပက္ခဖြစ်ရာမှ အမေရိကန် ကြား ဝင်ပြီး နောက်ဆုံးတွင် ကုလသမဂ္ဂ၏ ခွင့်ပြုချက်မရှိဘဲ လူ့အခွင့်အရေးအကြောင်းပြ၍ နေတိုးအုပ်စုမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မှူးကြီး ထွန်းသန်းအုန်းက ပြောသည်။
ရခိုင်မြောက်ပိုင်းကို ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး ကျိုးပေါက်ခဲ့ရပြီး ယင်း ဖြစ်စဉ်အပေါ် တိကျမှန်ကန်မှု မရှိသော သတင်းများနှင့် အချက်အလက်များကို ကိုးကား၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နှင့် မီဒီယာတချို့က ဘင်္ဂလီများဘက်မှ ရပ်တည်ခဲ့ကြကြောင်း တပ်မတော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ရဲမင်းဦးက ပြောသည်။
“အဲဒီလို ရပ်တည်ကာ ဘက်ပေါင်းစုံက ဖိအားပေးဆောင်ရွက်လာကြတဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကိုပါ ထိပါး ခြိမ်းခြောက်ခံနေရတဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ယခုအခြေအနေကို ကျယ်ပြန့်မှန်ကန်စွာ စနစ်တကျ တုန့်ပြန်ရန်၊ အကြမ်းဖက် ခံရသည့် ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ရှိစေရန်၊ တရား ဥပဒေ စိုးမိုးမှု ပြန်လည် ရရှိရန်၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရန်နှင့် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပေါ်စေရန် အထူးလိုအပ်လျက်ရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။
အင်အားကြီး အနောက်နိုင်ငံများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများသည် ၎င်းတို့၏ လိုလားချက်များ အောင်မြင်မှု မရသည့်အခါ အစ္စလာမ် ဘာသာဝင်များ၏ ထောက်ခံမှု ပြန်လည် ရရှိရေးနှင့် အကြမ်းဖက် အုပ်စုများ၏ ပစ်မှတ်ကို အခြားနိုင်ငံတခုသို့ လွှဲပြောင်းရေး ဆောင်ရွက် ရာတွင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသကို ပစ်မှန်ထားဆောင်ရွက်လာသည်ဟု တပ်မတော် ကိုယ်စားလှယ်များက ထင် မြင်ကြသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကမူ လက်ရှိ အစိုးရသည် ပြည်ပ ဖိအားကို မကြောက်ဘဲ နိုင်ငံတကာကို ပြန်လည် တုန့်ပြန်ရန် ရှိသည့် ကိစ္စရပ်များတွင်လည်း ဥပဒေနှင့်အညီ တုန့်ပြန်ရန် ဘယ်တုန်း ကမှ တွန့်ဆုတ် ပျက်ကွက်ခဲ့ခြင်း မရှိကြောင်း လွှတ်တော်တွင် ဆွေးနွေးသည်။
“လက်ရှိ အစိုးရဟာ ရခိုင်အရေးနဲ့ ပတ်သက်ရင် အရင်းအမြစ်ကို ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားတဲ့ ပထမဆုံးသော အစိုးရ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်ပဲ တရား ဥပဒေ စိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှု ရှိနိုင်ရေးတို့ကို ဆောင်ရွက်လာတာ ဖြစ်ပါတယ်”ဟု ဒေါ်ပြုံးကေသီနိုင်က ပြော သည်။
ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် တံခါးပိတ် ခေါင်းခါ ပြဿနာကို ကွယ်ဝှက်ခြင်း မူဝါဒသည် အလုပ်မဖြစ်တော့ကြောင်း၊ အင်အား ကြီး နိုင်ငံများ၏ စွက်ဖက်လာမှုကို နိုင်ငံတကာနှင့် မဟာဗျူဟာမြောက် ပူးပေါင်းပြီး သံခင်း၊ တမန်ခင်းအရ ထိန်းညှိကွပ်ကွဲနိုင်ရေးသည် လည်း အရေးကြီးကြောင်း ၎င်းက ထောက်ပြခဲ့သည်။
၎င်းက ဆက်၍“မြန်မာနိုင်ငံလို စစ်ရေး၊ စီးပွားရေး အင်အား နည်းပါးတဲ့ နိုင်ငံငယ်များဟာ ဥပဒေကြောင်းအရ မှန်ကန်မှုနဲ့ တရား ဥပဒေ စိုးမိုးမှုကို အခြေမပြုပါဘဲ နိုင်ငံတကာ ရေစီးကြောင်းကို တွန်းလှန်ရန် ခက်ခဲမယ်။ နိုင်ငံတကာဖိအားကို ကျော်လွှားနိုင်ရန် ခက်ခဲမယ်ဆို တာ သမိုင်းထင်ရှားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။
ယနေ့ လွှတ်တော်တွင် ဆွေးနွေးသည့် အဆိုကို အမျိုးသား လုံခြုံရေး ရှု့ထောင်မှ နေ၍ ဆွေးနွေးသူ အများစု ရှိခဲ့ပြီး အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ အာဏာရ NLD နှင့် တပ်မတော်တို့မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပြီးနောက် အစိုးရဘက်မှ လာရောက်ရှင်းလင်းသူ ပြည်ထဲရေး ဒုဝန်ကြီးကမူ ယခုအဆိုနှင့် ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုအခါ လွှတ်တော် ဥက္က” ဦးတီခွန်မြတ်က အဆိုရှင်ဖြစ်သူ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး ၏ သဘောဆန္ဒကို မေးမြန်းရာ ၎င်းက အတည်ပြုပေးရန် တင်ပြသဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူပြီး မဲခွဲခြင်း မရှိဘဲ အတည်ပြုနိုင်ခဲ့သည်ကို တွေ့ရသည်။