မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ခွဲစိတ်ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး မိုးမြတ်အောင်အား စကေဘာဖြင့် ထိုးကာ ထွက်ပြေးခဲ့သူများအနက် တရားခံ တဦးသည် တပ်မတော် အတွင်းသို့ ဝင်ရောက်သွားပြီး တပ်သားသစ်သင်တန်း တက်ရောက်နေကြောင်း ပြင်ဦးလွင် မြို့နယ်ရဲတပ်ဖွဲ့က သိရသည်။
ထိုသို့ ပြစ်မှုကျုးလွန်ပြီးမှ တပ်မတော်သို့ဝင်ရောက်၍ စစ်သင်တန်းတက်နေခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးမှတဆင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ တင်ပြကာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“တရားခံတယောက်က ပြစ်မှုကျူးလွန်ပြီးမှ တပ်ထဲကို ဝင်သွားတာ၊ အကာအကွယ် သွားယူတာမျိုးပေါ့နော်၊ အဲဒီတရားခံက လောလောဆယ် လေ့ကျင့်ရေး ၃ မှာ သင်တန်းတက်နေပါတယ်၊ တပ်ထဲဝင်သွားတာ ဖြစ်တဲ့အတွက် စစ်ဘက်နဲ့အရေးယူ မလား၊ နယ်ဘက်နဲ့ အရေးယူမလားလို့ မေးထားပါတယ်” ဟု ပြင်ဦးလွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဉ ာဏက ဧရာဝတီသို့ ပြောသည်။
ပြစ်မှုကျူးလွန်ပြီး တပ်မတော်သို့ ဝင်ရောက်သွားသူမှာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၀ တွင် နေထိုင်သူ အသက် ၂၁ နှစ်အရွယ် ကိုပြည့် (ခ) အောင်ဘုန်းမြတ်ဖြစ်ပြီး ပြင်ဦးလွင်မြို့ အမှတ် (၉၅၈) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့မှ တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး အမှတ် (၃) စစ်အခြေခံ လေ့ကျင့်ရေးတပ် (ရမည်းသင်း) တွင် သင်တန်း တက်ရောက်နေသည်။
ခွဲစိတ်ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး မိုးမြတ်အောင်အား စကေဘာဖြင့် ထိုးကာ ထွက်ပြေးခဲ့သည့် တရားခံများ အနက်မှ ၆ ဦးကို တလကျော်အကြာ ဇွန် ၆ ရက်ညပိုင်းက ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး ပြင်ဦးလွင် မြို့မရဲစခန်းတွင် ချုပ်ရမန်ယူ၍ တရားစွဲဆို တင်ပို့သွားနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
“မှုခင်းဖြစ်ပြီး တလကျော်အကြာမှာ ဖမ်းဆီးနိုင်ခဲ့တာပါ။ ၆ ယောက်ကိုတော့ ဖမ်းပြီး ချုပ်ရမန်ယူထားပါတယ်၊ အဲဒီကလေးတွေ အားလုံးက ပြင်ဦးလွင်မြို့ပေါ်က ကလေးတွေပါပဲ။ သူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၆၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်။ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ရဲမှူးဉာဏက ဆက်လက်ပြောသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်သည် အနီးစခန်းရှိ ပါမောက္ခချုပ် ဆရာတော်ကြီး၏ ဓမ္မသဟာယသာသနာ့စင်တာတွင် တရားနာပြီး ရပ်ကွက်ကြီး ၉ ရှိ ၎င်း၏ နေအိမ်သို့ မော်တော်ယာဉ်နှင့် ပြန်လာစဉ် ရပ်ကွက်ကြီး ၅၊ အစိုးရဧည့်ဂေဟာလမ်း၊ ဧည့်ဂေဟာ ဂိတ်အနီးသို့အရောက် လမ်းပေါ်၌ ဆိုင်ကယ် ၄ စီးဖြင့် အမျိုးသား ၇ ဦးသည် ဆိုင်ကယ်စတန့် ပြုလုပ်၍ မောင်းနှင်နေကြောင်း တွေ့ရှိရသဖြင့် ရှောင်တိမ်းမောင်းနှင်စဉ် ဆိုင်ကယ် စတန့်ပြုလုပ်နေသည့် ဘူလေး (ခ) ငရဲ၏ ဆိုင်ကယ်ဖြင့် မတော်တဆ ပွတ်တိုက်မှု ဖြစ်ပွားခဲ့သည်။
ထို့သို့ပွတ်တိုက်မှု ဖြစ်ပွားပြီးနောက် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်က မော်တော်ယာဉ်အား ရပ်တန့်ပြီး အကျိုးအကြောင်း မေးမြန်းမှုပြုစဉ် ဆိုင်ကယ်စီးနင်းသူများအနက် နေလင်းဖြိုး၊ အငယ်လေးနှင့် ကိုပြည့်တို့ ၃ ဦးက ချုပ်ကိုင်ပေးပြီး ဘူလေး (ခ) ငရဲမှ T ပုံစံပြုလုပ်ထားသည့် စကေဘာဆူးချွန်ဖြင့် ၃ ချက်ထိုးခဲ့သဖြင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံကြီးတွင် အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ယခုအခါ သက်သာလာပြီဖြစ်သည်။
ဖြစ်စဉ်နှင့်ပက်သက်၍ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦးမှ ကြီးကြပ်ကာ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညီညီ ဦးစီးသည့် အမှုစစ်အဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက လူပေါင်း ၆၀ ကျော်ကို သက်သေများအဖြစ် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မသင်္ကာဖွယ် လူ ၅ ဦးကို ဖော်ထုတ်နိုင်ခဲ့ကာ တပ်မတော်သို့ ဝင်ရောက်၍ တပ်သားသစ်အဖြစ် သင်တန်းတက်ရောက်နေသူ အောင်ဘုန်းမြတ် (ခ) ကိုပြည့်က ဝန်ခံထွက်ဆိုရာမှ တရားခံများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိထားတဲ့တရားခံတွေကို ချုပ်ရမန်ယူထားတာက ဇွန်လ ၂၀ ရက်နေ့မှာ ပြည့်မှာပါ။ တရားခံတယောက်က တပ်ထဲမှာ သင်တန်းတက်နေတာရှိတယ်၊ ပြစ်မှုကျုးလွန်ပြီးမှ တပ်ထဲဝင်သွားတာဆိုတော့ တို့က စစ်ဘက်နဲ့ အရေးယူမှာလား၊ နယ်ဘက်နဲ့ အရေးယူမှာလားဆိုတာကို အထက်ကို တင်ပြထားရတယ်။ အဲဒီ အကြောင်း ပြန်ကြားစာ မရသေးဘူး။ အဲဒါရပြီးမှ တရားစွဲမှာ ဖြစ်တဲ့အတွက် ဇူလိုင်လဆန်းလောက်မှ တရားစွဲဆိုတင်ပို့ သွားနိုင်မှာဖြစ်ပါတယ်” ဟု ရဲမှူးဉာဏက ဆက်လက် ပြောသည်။
ဖမ်းဆီးရမိသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးများပါဝင်နေပြီး ပြစ်မှုကျုးလွန်သူများမှာ ကိုပြည့် (ခ) အောင်ဘုန်းမြတ် (၂၁ နှစ်)၊ နေလင်းဖြိုး (ခ)နေလင်းစိုး (၂၀ နှစ်)၊ သန့်ဇေယျာအောင် (ခ) ဇေကြီး (၂၀ နှစ်)၊ ဇေယျာဖြိုး (၁၅နှစ်)၊ ပေါက်စ (ခ) အခြောက်မ (ခ) အန့်မော်ကွန် (၁၅ နှစ်)၊ ငချစ် (ခ) ချစ်ကို (၂၀နှစ်)၊ အငယ်ကောင် (ခ) ကောင်းမြတ်ပိုင် (ခ) ဂူးဂူး (၁၇နှစ်) တို့ ဖြစ်သည်။
အဆိုပါဖြစ်စဉ်အပေါ် စကေဘာဖြင့် ထိုးခဲ့သည့် ပြစ်မှုကျူးလွန်သူများကို ပြင်ဦးလွင်မြို့မ ရဲစခန်းတွင် (ပ) ၁၂၇၊ ၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆၊ ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“မှုခင်းကျဆင်းရေးအတွက် ရပ်ကွက်၊ ကျေးရွာတွေအထိ ပညာပေး ဟောပြောတာတွေ လုပ်နေတယ်၊ ညပိုင်း လှည့်ကင်းတွေ ဆောင်ရွက်တဲ့အခါ လူငယ်တွေနဲ့တွေ့ရင် ပြောဆို ထိန်းသိမ်းတာတွေလုပ်တယ်၊ အသက်ငယ်တဲ့ ကလေးတွေ ဆိုရင် မိဘတွေဆီ ပြန်အပ်ပေးနေတယ်၊ ရွာတွေအထိ ကွင်းဆင်းပြီး မှုခင်း ကျဆင်းရေးနဲ့ပက်သက်ပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးပါတယ်။ မသိသေးတဲ့သူတွေလည်း သိအောင်၊ သိပြီးသား သူတွေလည်း လိုက်နာနိုင်အောင် လုပ်ပေးနေပါတယ်” ဟု ရဲမှူးဉာဏက ဆက်လက်ပြောသည်။
ယခုအခါ ပြင်ဦးလွင်မြို့နယ်အတွင်း မှုခင်းဖြစ်စဉ်များ ကျဆင်းလျော့ပါးရေးအတွက် လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများဖြင့် ဆောင်ရွက်ပေးနေသလို ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်း၍ မှုခင်းပညာရေး ဟောပြောမှုများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။