ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပင်လယ်ကမ်းခြေတွင်တွေ့ရှိခဲ့သော လှေစီးဒုက္ခသည် ဘင်္ဂါလီများက မလေးရှားနိုင်ငံသို့ သွားရောက်စဉ် ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ ကျရောက်ရာမှ စက်လှေနစ်ပြီး ရခိုင်ဘက် ကမ်းသို့ မျောပါ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြောသည်။
ငခူရ ပြန်လည် လက်ခံရေးစခန်းတွင် ကြီးကြပ် ဆောင်ရွက်နေသူ လူ/ကယ်ပြန်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်က “ တချို့တွေကလည်း ဒီဘက်ကိုလာဖို့ လှေပေါ် တက်လာတယ်လို့ ပြောကြတာရှိတယ်။ တချို့ကလည်း မလေးရှားကိုသွားမယ်လို့ ပြောတယ်။ အမျိုးသမီး ငယ်တချို့ ကလည်း မလေးမှာ သူတို့နဲ့စေ့စပ်ထားတဲ့ အမျိုးသား တွေရှိတယ်။ သူတို့နဲ့ လက်ထပ်ဖို့သွားတာလို့သွားတာလို့လည်း ပြောတယ်။ ရည်ရွယ်ချက် အမျိုးမျိုး ရှိကြ တာကို တွေ့ရတယ်။ဒီမှာပဲ ပြန်နေ ချင်တယ်လို့ ပြောတယ်။ ဒီမှာ ပြန်နေချင် ပေမယ့် မိသားစုဝင်တွေက ဟိုဘက်မှာ ရှိနေတယ်။ အဲဒါကြောင့် နီးစပ်ရာဆွေးမျိးရွာတွေမှာ နေချင်တယ် ဆိုတဲ့အတွက် စာရင်းတွေ ပြုစုပြီးတော့သူတို့ကို နေရာချထားပေးမယ် ” ဟု ပြောသည်။
အဆိုပါ ဘင်္ဂါလီများကို ရသေ့တောင်မြို့နယ် ဆင်ဗိုက်ကျေးရွာနှင့် အောင်ဗလကျေးရွာကြား ပင်လယ် ကမ်းစပ်တွင် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းကဒေသခံကျေးရွာသားများ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မလေးရှားနိုင်ငံသို့သွားရောက်ရန် စက်လှေဖြင့် လာရောက်ကြောင်း ပြေဆိုချက်များအရ ရှာဖွေရာတွင်သာစည်ကျေး ရွာပင်လယ်ကမ်းစပ်၌ အလျား ၄၀ ပေ ၊ အနံ ၂၀ ပေ ၊ ဇောက် ၆ ပေရှိသော ဝမ်း ဗိုက်ထက်ခြမ်း ကွဲနေသည့် စက်လှေ တစီးကိုလည်းတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုထဲမှ အမျိုးသမီးငယ် အချို့မှာ ၎င်းတို့နှင့် စေ့စပ်ထားသည့် အမျိုးသားများမှာ မလေးရှားနိုင်ငံတွင် ရှိနေသည့်အတွက် လက်ထပ်ရန် သွားရောက်ခြင်းဖြစ်ကြောင်းမောင်တော မြို့နယ် အတွင်း ဖွင့်လှစ်ထားသည့် ငခူရပြန်လည်လက်ခံရေး စခန်းတွင်ဇွန်လ ၁၄ ရက်နေ့က သတင်းမီဒီယာများက ၎င်းအမျိုးသမီးများအား တွေ့ဆုံအင်တာဗျူးစဉ် ရှင်းပြခဲ့သည်။
“ ကျမအစ်ကိုက မလေးရှားမှာရှိတယ်။ သူကနေ ပြီးတော့ အမျိုးသား တယောက်နဲ့လက်ထပ်ပေးဖို့ကို ဆက်သွယ်တယ်။ အွန်လိုင်းကနေပြီးတော့ ကျမနဲ့လက်ထပ်ပေးမယ့် အမျိုးသားကို ပြတယ်။ အဲဒီလူနဲ့ လက်ထပ်ယူဖို့ မလေးရှားကိုထွက်လာတဲ့ အခါ စက်လှေ ပျက်ပြီး ဒီကိုရောက်လာတာပါ ” ဟု အသက် ၁၈ နှစ်အရွယ်လှေစီး ဒုက္ခသည် အမျိုးသမီး မရှယ်ဟေရာ က ပြောကြားသည်။အဆိုပါ မရှယ်ဟေရာ သည် မောင်တောမြို့နယ် အလယ်သံကျော်တွင်နေထိုင်သူဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်းတွင်မိသား စုဝင် ၈ ဦးနှင့် အတူ တဖက်နိုင်ငံသို့ ထွက်ခွာ သွားခဲ့ကြသည်ဟုပြန်ပြောပြသည်။
ထို့နောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ရှောက်မလားဖြူ ဆိုသည့်ပင်လယ်ကမ်းခြေအနီးရှိ ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ဇွန်လ ၇ ရက်နေ့ တွင် မရှယ်ဟေလာ ၁၈ နှစ်သည် မလေးရှာနိုင်ငံသို့ထွက်ခွာရန် သူ၏ ညီမဖြစ်သူနှင့် အတူ လှေစီးထွက်ခွာလာကြသည်ဟု ဆိုသည်။ယင်းသို့ မလေးရှားနိုင်ငံသို့ သွားရောက်ရန် လူတဦးလ ျှင် ဘင်္ဂါလား တကာငွေ ၁သိန်းခွဲ ကုန်ကျပြီး ၎င်းငွေအား သူတို့နှင့် လက်ထပ်မည့်မလေးရှားနိုင်ငံရှိ အမျိုးသားများက ကျခံခြင်း ဖြစ်ကြောင်း လှေစီးဒုက္ခသည်အမျိုးသမီးငယ်များက ဆိုသည်။
ကမ်းခြေတွင် တွေ့ရှိသည့် လှေစီးဒုက္ခသည် ၁၀၄ ဦးတွင် အမျိုးသား ၄၄ ဦး ၊အမျိုသမီး ၆၀ ဦးတို့ ဖြစ်ပြီး သက်ဆိုင် ရာဌာဆိုင်ရာ များ၏ စိစစ်မှုများအရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၁၂ ဦးနှင့် မောင်တော ဒေသအတွင်းနေထိုင်ခဲ့သူ ၉၂ ဦးတို့ကို စိစစ်တွေ့ရှိခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေး ဝန်ကြီး ဌာနမှ သိရသည်။
လှေစီးဒုက္ခသည် အမျိးသမီး ၆၀ ဦးထဲတွင် မရှယ်ဟေရာ ကဲ့သို့မလေးရှားနိုင်ငံရှိ စေ့စပ်ထား သူများနှင့် လက်ထပ်ရန် သွားရောက်ကြသည့်အမျိုသမီးငယ် ၄ ဦး ပါဝင်ကြောင်း ၎င်းတို့အား စိစစ်စာရင်းပြုစုနေသည့်ဌာနဆိုင်ရာများထံမှ သိရသည်။
တချို့သော အမျိုးသမီးများမှာလည်း သူတို့၏ လင်ယောင်္ကျားများမှာမလေးနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့်အတွက် မိသားစုလိုက်ထွက်ခွာလာခြင်း ဖြစ်သည်။
ယင်းလှေစီးဒုက္ခသည်များအား မောင်တောဒေသတွင် နေထိုင်ခဲ့သူအဖြစ်စိစစ်တွေ့ရှိသည့် ဘင်္ဂါလီ ၉၂ ဦးကို လုပ်ထုံးလုပ်နည်းနှင့်အညီပြန်လည်နေရာချထားပေးမည် ဖြစ်ပြီး ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား အဖြစ်စိစစ်တွေ့ရှိသည့် ၁၂ ဦးကိုလည်း သံတမန်နည်းလမ်းအတိုင်း ပြန်လည်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။