ဂျပန်နိုင်ငံ၏ ဒုတိယမြို့ကြီးဖြစ်သည့် အိုဆာကာတွင် တနင်္လာနေ့နံနက် ရုံးတက်ချိန်က အင်အား ၆. ၁ မဂ္ဂနီကျု့ရှိ ငလျင် လှုပ်ခတ်သွားရာ ၃ဦးသေဆုံးပြီး၊ လူ ၂၀၀ ကျော် ဒဏ်ရာရသွားကြောင်းသိရသည်။
ငလျင်လှုပ်ချိန်မှာ နံနက် ၈ နာရီတွင်ဖြစ်ပြီး ခရီးသည်များ အလုပ်ဆင်းရန်အတွက် ရပ်ဝေးသွား ရထား များကို အချိန်စာရင်း ဘုတ်ပြားပေါ်ကြည့်ရင်း ပလက်ဖောင်းများတွင် စောင့်ဆိုင်းနေချိန်ဖြစ် သည်။ ကျည်ဆန်ရထားအပါအဝင် မီးရထားဝန် ဆောင်မှုအများအပြားမှာ ဆိုင်းငံ့သွားခဲ့သည်။
ကနဦးသတင်းအရ အိုဆာကာမြို့မြောက်ဘက်ရှိ တာကာဆူကီမြို့တွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တဦး ကျောင်းနံရံပြိုကျရာမှ ပိတ်မိပြီး သေဆုံးကြောင်း နယ်မြေခံရဲက ပြောသည်။ အသက် ၈၀ အရွယ်ရှိ အဘိုးအိုတဦးလည်း နံရံပြိုကျ၍ သေဆုံးခဲ့ပြီးဖြစ် ကြောင်း အင်န်အိတ်ချ်ကေရုပ်သံက ထုတ်လွှင့်သည်။
ငလျင်လှုပ်ခတ်ပြီးနောက် အဓိကပျက်စီးသည့်နေရာများနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးသော်လည်း ခရီးဝေးမှ အလုပ်ဆင်းသူများမှာ လမ်းတွင်သောင်တင်နေပြီး လျှပ်စစ်ဓာတ် အားပြတ်တောက်မှုဒဏ်ကို လူထောင်နှင့်ချီ၍ ခံစားနေရသည်။
အင်အားပြင်းငလျင်လှုပ်ပြီးနောက် ဆူနာမီအရေးပေါ်သတိပေးချက်များလည်း ထွက်ပေါ်လာခြင်း မရှိသေးပေ။
ဂျပန်အစိုးရအနေဖြင့် ပြည်သူများအသက်ကယ်တင်ရန် ပထမဦးစားပေး၍ စုစုစည်းစည်း ကိုင်တွယ်ဖြေရှင်းနေကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သတင်းထောက်များကို ပြောသည်။
အိုဆာကာဒေသရှိ နေအိမ် ၁၇၀,၀၀၀ မှာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း ကန်ဆိုင်းလျှပ်စစ် လုပ်ငန်းက ၎င်း၏အင်တာနက်စာမျက်နှာတွင် ကြေညာသည်။
အပျက်အစီး သတင်းအချက်အလက်များ အမြန်စုဆောင်းရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အဆောတလျင်ကြိုးပမ်း အကောင်အထည်ဖော်ကြရန်၊ အချိန်နှင့်တပြေးညီ သင့်လျော်သည့် သတင်း များ ပြည်သူများထံထုတ်ပြန်ရန် အစိုးရ တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း လည်းဆိုသည်။
တိုက်တာနေအိမ်များထူထပ်စွာဝန်းရံထားသည့် လမ်းမများ၊ မီးရထားသံလမ်းများစွာရှိနေသည့် မြို့ပြဧရိယာအတွင်း အဓိကအပျက်အစီးသတင်းများ မိမိတို့မရသေးကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။
ငလျင်လှုပ်ခတ်ပြီးနောက် အိုဆာကာမြို့မြောက်ပိုင်းရှိ လူနေအိမ်တစ်လုံးသို့ မီးသတ်သမားများ ကြိုးစားချဉ်းကပ်နေ ပုံများကို အင်န်အိတ်ချ်ကေရုပ်သံလိုင်းက ထုတ်လွှင့်သွားခဲ့ပြီး အခြားရုပ်သံလိုင်းများကလည်း မြေအောက်ပိုက်လိုင်းများမှ ရေများပန်းထွက်လာပုံကို ပြသနေသည်။
အီလက်ထရောနစ်ရထားမှ ခရီးစဉ်ကြေညာပေးသည့် ဘုတ်ပြားပုံများ လူမှုကွန်ရက်တွင် ဆက်တိုက်တက်နေပြီး ယင်းဒေသရှိ ရထားဘူတာရုံတစ်ခု၌ ပလက်ဖောင်းများ ပြိုလဲနေပုံများ၊ လက်မှတ်ရုံမှ မှန်အကွဲအစပုံများ တွေ့ရသည်။
ဒေသတွင်းရှိ မည်သည့်အဏုမြူဓာတ်ပေါင်းဖိုမှ ပြဿနာမရှိကြောင်း နျူကလီးယားစွမ်းအင် လည်ပတ်ရေးအာဏာပိုင် အဖွဲ့က ထုတ်ပြန်သည်။