သတင်း

တတိယ ပင်လုံ ညီလာခံ ဖိတ်လျှင် တက်မည်ဟု NSCN-K ပြော

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို တက်ရောက်ရန် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) ကို အစိုးရမှ ဖိတ်ကြားလာပါက တက်ရောက်သွားမည်ဟု NSCN-K ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဧရာဝတီသို့ ပြောသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို လာမည့် ဇွန်လ ၃၀ ရက်တွင် ကျင်းပသွားရန် အစိုးရဘက်က စီစဉ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ အတည်ပြုရေး ဆောင်ရွက်နေကြောင်း အစိုးရဘက်မှ သိရသည်။

NSCN-K ၏ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “ဟုတ်ကဲ့ အဲဒါ ကျနော်တို့ ပြောသလိုပဲပေါ့လေ။ ကျနော်တို့ NSCN ကို ဖိတ်မယ်ဆိုရင် ကျနော်တို့ ဒါကို တက်ဖို့တော့ အစီအစဉ် ရှိပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌက ဦးဆောင်ပြီး တော့ တက်ဖို့ ရှိတယ်”ဟု ပြောသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို တက်ရောက်ရန် အစိုးရက ဖိတ်ကြားလာပါက NSCN-K အနေဖြင့် ၎င်းတို့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးအန်ကန့် ဦးဆောင်ကာ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို စေလွှတ်၍ တက်ရောက်စေမည်ဖြစ်ကြောင်း ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ခေတ္တညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ NSCN-K ကိုကျတော့ ကျနော်တို့က ဖိတ်ဖို့ တော့ မူဝါဒ မရှိဘူး။ ဘာလို့လဲဆိုတော့ ခုနက ပြောတဲ့ ပထမဆုံး အချက်ကြောင့် ကျနော်တို့က အဲဒီလိုတော့ ရှိတယ်” ဟု ပြောသည်။

NSCN-K သည် မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုနှင့် တစုတဝေးတည်း နေထိုင်မည်ဆိုခြင်းအပေါ် အာမဘန္တေ မခံခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက် မလုပ်ဆောင်နိုင် ဖြစ်နေကြောင်းနှင့် ထိုအချက်ကြောင့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို လေ့လာသူအဖြစ် တက်ရောက်ရေး ဖိတ်ကြား ရန် အစီအစဉ် မရှိသေးကြောင်း ၎င်းက ဆိုသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်(PC)နှင့် NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးအန်ကန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ဒေသ တည်ငြိမ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသေးသည်။

ထို့နောက် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှု ယနေ့တိုင် မရှိပဲဖြစ်နေကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ခေတ္တညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ ကျနော်တို့ သူတို့ကို ငြိမ်းချမ်းရေး ကော် မရှင် နဲ့ တွေ့တဲ့အခါမှာ ပြောထားတယ်။ သူတို့က ဘာလဲဆိုတော့ NCA မထိုးဘူး။ NCA ထိုးထားတဲ့ အဖွဲ့ မဟုတ်ဘူး။ ပြည်နယ် သဘောတူညီချက်မှာလည်း ကျနော်တို့က အကြမ်းဖျဉ်းပဲ ပါတယ်။ အသေးစိတ် မပါဘူး။ ဘာလို့ ဆက်ဆွေးနွေးမှုတွေ မရှိခဲ့လည်းဆိုတော့ NSCN-K အနေနဲ့ မြန်မာနိုင်ငံ ကနေပြီးတော့ ခွဲထွက်မယ်၊ ခွဲမထွက်ဘူးဆိုတာကို အာမဘန္တေခံဖို့လိုမယ်။ မဟုတ်ရင် Peace Process မှာ ပါဝင်ဖို့ ခက်တယ်”ဟု ပြော သည်။

NSCN-K သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသော်လည်း ပြည်ထောင်စုအဆင့် နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုးရေးကို မရေးထိုးနိုင်ပဲ ဖြစ်နေသော နာဂ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

သို့သော်လည်း NSCN-K သည် ၂၀၁၆ ခုနှစ်၊ဇန်နဝါရီလက ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သို့ လေ့လာသူ အဖြစ် တက်ရောက်ခဲ့ဖူးကြောင်း သိရသည်။

ထို့ကြောင့် ယခုလ သို့မဟုတ် ဇူလိုင်လတွင် ကျင်းပမည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ အစိုးရ ဘက်မှ လေ့လာသူအဖြစ် တက်ရောက်ရန် ဖိတ်ကြားလာပါက တက်ရောက်သွားရန် စီစဉ်ထားကြောင်း NSCN-K ဘက်က ပြောသည်။

ဦးဇော်ဌေးက “လေ့လာသူက ကျနော်တို့ UPDJC ကနေ ပြောတယ်။ လေ့လာသူ ဘယ်နှယောက် ဖိတ်မလဲဆို တာ ဆုံးဖြတ်ချက် ချတယ်။ ဆုံးဖြတ်ချက် ချပြီးရင် အဲဒါကို ကျနော်တို့ အွန်လိုင်းမှာ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ် ပြီးတော့ သူတို့ကို လေ့လာသူအဖြစ် အဆိုပြုလွှာပုံစံတွေ သွင်းပြီးတော့ ပို့ခိုင်းတယ်။ ရောက်လာတဲ့လူကိုမှ ကျနော်တို့က လေ့လာသူတွေ အဖြစ် ဦးစားပေးပေါ့နော်။ ဘယ်ရက်က ဘယ်ရက်မှာ အစောဆုံး အစဉ်အလိုက် ပေါ့နော် ရောက်တဲ့သူတွေကို UPDJC ဆုံးဖြတ်ချက်အရ လေ့လာသူ ဘယ်နှယောက်ဆိုတာကို အတည်ပြုတာ ပါ”ဟု ပြောသည်။

ထို့ပြင် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ညီလာခံသို့ မြန်မာနိုင်ငံနှင့် အတူတကွ ပေါင်းစည်းရေးကိုပဲ စိတ်ပိုင်းဖြတ်ထားသော နာဂရှိ CSO အဖွဲ့များအား လေ့လာသူအဖြစ် UPDJC က ရွေးချယ်ကာ လေ့လာခွင့်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း ယနေ့တိုင် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီး ယတိပြတ် ရက်သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း၊ အစိုးရဘက်ကမူ ဇွန် ၃၀ ရက်မှာ ကျင်းပရန် စီစဉ်ထားပြီး တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များဘက်က ဇူလိုင် ၇ ရက် သို့မဟုတ် ၁၀ ရက်မှ ကျင်းပရန် စဉ်းစားမှုများ ရှိနေ ကြောင်းလည်း သိရသည်။

Loading