မင်းသမီး အန်ဂျလီနာ ဂျိုလီဟာ ပင်လယ်ရပ်ခြား နိုင်ငံတွေမှာ လူသားချင်း စာနာထောက်ထားမှု အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ်၊ မင်းသမီး ဂျိုလီဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ တခုဖြစ်တဲ့ UNHCR ခရီးစဉ်တခု အနေနဲ့ အီရတ်နိုင်ငံ၊ အနောက် မိုဆူးလ်မြို့ကို လာရောက် လည်ပတ်ခဲ့ပါတယ်။
UNHCR အထူးသံတမန် ဂျိုလီဟာ ISIS တို့ရဲ့ သိမ်းပိုင်မှုကနေ လွတ်မြောက်ခဲ့ပြီး တနှစ်ကြာခဲ့ပြီ ဖြစ်တဲ့ မြို့ရဲ့ အပျက်အစီး ပုံတွေထဲမှာ မျက်မြင်ကိုယ်တွေ့ လမ်းလျှောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
al-Nuri ဗလီ အပျက်အစီး ပုံရှေ့မှာ မင်းသမီး ဂျိုလီက “UNHCR နဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်းမှာ ကျမ မြင်တွေ့ခဲ့ဖူးသမျှ ထဲမှာ အဆိုးရွားဆုံး ပျက်စီးမှုပဲ ဖြစ်ပါတယ်။ ဒီမှာရှိတဲ့ လူတွေဟာ အရာအားလုံး ဆုံးရှုံးလိုက်ရပါတယ်။ သူတို့ရဲ့ အိမ်တွေလည်း ဖျက်ဆီးခံလိုက်ရပါတယ်။ သူတို့တွေဟာ စားရမဲ့ သောက်ရမဲ့ အခြေအနေတွေ ဖြစ်နေပါပြီ။သူတို့ ကလေးတွေအတွက် ဆေးဝါးလည်း မရှိပါဘူး။ ပြီးတော့ တော်တော်များများမှာ အခြေခံပစ္စည်းနဲ့ သောက်သုံးရေ ပြတ်လပ်နေပါပြီ။ သူတို့ဟာ အပျက်အစီးပုံတွေထဲက အလောင်းတွေကြားမှာ နေရဆဲပါ” လို့ ပြောပါတယ်။
ဆက်ပြီး ဂျိုလီက “ဒီလိုမျိုး ဆုံးရှုံးပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရမယ်ဆိုတဲ့ ခွန်အားအတွက် ကျမမှာ ပြောစရာ စကားတောင် မရှိပါဘူး။ ဒါပေမယ့် ဒါဟာ ဒီမြို့က လူတွေ လုပ်နေတဲ့အရာပါ။ သူတို့ဟာ ဝမ်းနည်းပက်လက် ဖြစ်ပြီး အနာဟောင်းက မကျက်သေးပေမယ့် သူတို့ဟာ မျှော်လင့်ချက်ကြီးပါတယ်။ သူတို့ရဲ့ လက်နဲ့ သူတို့ရဲ့ အိမ်ကို ရှင်းလင်းနေကြပါတယ်။ လုပ်အားပေးကြပါတယ်။ တဦးကို တဦး ကူညီကြပါတယ်။ ဒါပေမယ့် သူတို့ ကျမတို့ရဲ့ အကူအညီကို လိုအပ်ပါတယ်” လို့ ဆိုပါတယ်။
ဂျိုလီရဲ့ အခုခရီးစဉ်ဟာ ၂၀၀၁ ခုနှစ်ကစလို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်အေဂျင်စီနဲ့အတူ ၆၁ ခုမြောက် ခရီးစဉ် ဖြစ်ပြီး အီရတ်နိုင်ငံကို ငါးကြိမ်မြောက်လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ တရားရုံးမှ ယာယီအုပ်ထိန်းခွင့် သဘောတူ ညီချက်ကို ခင်ပွန်းဟောင်းဘရက်ပစ်နဲ့ သဘောတူညီခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာမှာ ဒီခရီးစဉ် ဖြစ်လာခဲ့ တာပါ။
ET မီဒီယာက ရရှိထားတဲ့ တရားရုံး စာရွက်စာတမ်းတွေမှာ ဆိုရင် ဘရက်ပစ်နဲ့ ကလေးတွေရဲ့ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်ရေး ကူညီပေးဖို့ တရားသူကြီးက ဂျိုလီကို အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
Ref:etcanada