မကွေးတိုင်း ဒေသကြီး၊ ငဖဲမြို့နယ်အတွင်း ပဒါန်းကျေးရွာရှိ နေအိမ်တလုံး၏ ဂိုဒေါင်အတွင်းမှ တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများနှင့် ဒစ်တိုနီတာ(ပေါက်ကွဲစေတတ်သော ပစ္စည်း) များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာနေရှိ တရုတ်လေး(ခ)လီကွမ်ယု၏ နေအိမ်ဘေး ဂိုဒေါင်အတွင်းက ယင်းပစ္စည်းများကို ဇွန် ၁၆ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဇွန် ၁၇ ရက်၌ သတင်း ထုတ်ပြန်ထားသည်။
ယင်း ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် သစ်တော ဦးစီးဌာနက တောအုပ်ပါဝင်သော ပူးပေါင်းအဖွဲ့ တို့ ဝင်ရောက် ရှာဖွေရာ သမင်ဦးချို ၃ ခု၊ အရေခွံခွာပြီး သင်းခွေချပ် အစို ၄ ကောင်၊ သင်းခွေချပ် အကြေး ခွံ ၂ ပိဿာ၊ ဝက်ဝံ အရေခွံ အစို ၄ ပိုင်း၊ ဝက်ဝံအရေခွံ အစိုနှင့် အသားတွဲလျက် ၁ ပိဿာခန့်ရှိ ၁ တုံး၊ ဝက်ဝံ ဦးခေါင်း အစို ၁ ခု၊ ဝက်ဝံ အဆီ ၁ ပိဿာခန့်ရှိ ပလပ်စတစ်ဗူး ၁ ဗူး၊ ဆင်နှာမောင်းသား အစို ၁ တုံး၊ ဆင်အရေခွံ အသေးအစို ၄ တုံး၊ ဖြူဆူး ၂၀ ကျပ်သား ခန့်တို့ တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ အပါအဝင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ဖြစ်သည့် ၁ အိတ် လျှင် ၅၀ ကီလိုဂရမ်ပါ အမိုနီယမ်နိုက်ထရိတ် ၃ အိတ်နှင့် ဒစ်တိုနီတာ ၉၀၀ ခုတို့ကိုပါ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြ ထားသည်။
အဆိုပါ တရုတ်လေး(ခ)လီကွမ်ယု(ဖမ်းမိ)ကို ဇီဝမျိုးစုံ/မျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့် ရှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)/၄၁(က)၊ ပေါက်ကွဲပုဒ်မ ၅ တို့ဖြင့် ငဖဲမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က) အား ကျူးလွန် ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၄၁ က တွင် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး သုံးနှစ်မှ အများဆုံး ဆယ်နှစ် အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များ အရဆိုလျှင် ဇွန်လ ၇ ရက်မှ ယနေ့အထိ ဆင်သားရေနှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများ ဖမ်းဆီးရမိသည့် အမှုပေါင်း ၇ မှုရှိကြောင်း တွေ့ရှိရသည်။