လွန်ခဲ့သည့် ၅ လခန့်က ဖြစ်ပွားခဲ့သော အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှုကွပ်ကဲရေးဌာန (FDA) ဒုဦးစီးမှူး အမျိုး သမီး အသတ်ခံရသည့်အမှုအား လာမည့်သောကြာနေ့ (ဇွန် ၂၂ ရက်)တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့က အပြီးသတ်လျှောက်လဲချက်တင်တာ။ သောကြာနေ့က အမိန့်ချမှာ။ ကြား ၃ ရက်ပဲကြာတယ်” ဟု စွပ်စွဲခံထားရသူ မျိုးဇော်ဦး(ခ)ဆီဒိုးနားဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ဧရာဝတီကို ပြောသည်။
ယနေ့ ဇွန် ၁၈ ရက် နံနက်ပိုင်း၌ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားတွင် တရားလိုနှင့် တရားခံဘက်မှ အပြီးသတ်လျှောက်လဲ ချက်များတင်ပြီးနောက် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
တရားလိုဘက်ရှေ့နေမှ တရားရုံးက စွဲချက်တင်ထားသည့်အတိုင်း ၃၀၂(၁)(ဂ) ဖြင့်သာ ထိရောက်သည့် ပြစ်ဒဏ်ပေးရန် လျှောက်လဲခဲ့ပြီး တရားခံဖြစ်သူရှေ့နေက ပြစ်မှုပြစ်ဒဏ် အရည်အသွေးနှင့် လျော်ကန်သင့်မြတ်သော လူသတ်မှုမမြောက် သည့် လူသေမှု ပုဒ်မ ၃၀၄(က)ဖြင့်သာ အပြစ်ပေးသင့်သည်ဟု လျှောက်လဲခဲ့ကြောင်း ဦးမောင်မောင်စိုးက ရှင်းပြသည်။
အသက် ၂၇ နှစ်အရွယ် အငှားယာဉ်မောင်း မျိုးဇော်ဦး(ခ)ဆီဒိုးနားကို လူသတ်မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၃၀၂(လူသတ်မှု)၊ ပုဒ်မ ၃၉၄(လုယက်မှု)၊ ပုဒ်မ ၃၇၆(မုဒိမ်းမှု)၊ ပုဒ်မ ၃၇၇(ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု)တို့ဖြင့် တရား စွဲဆိုထားခြင်း ဖြစ်သည်။
ဧပြီ ၃၀ ရက် ရုံးချိန်းတွင် မျိုးဇော်ဦး(ခ)ဆီဒိုးနားကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သော ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ဂ) ဖြင့် တရားရုံးက စွဲချက်တင်ထားသည်။
“တရားသူကြီးက ၃၀၂(၁)(ဂ) နဲ့ပဲ အရေးယူဖို့များတယ်။ ၃၀၄ ပြောင်းပေးမယ် မထင်ဘူး။ တရားသူကြီးကတော့ ပြစ်မှုနဲ့ ပြစ်ဒဏ်ချိန်ပြီးပေးမှာပဲ” ဟု ဦးမောင်မောင်စိုးက ပြောသည်။
သေဆုံးသူ FDA အမျိုးသမီးဝန်ထမ်း၏ အစ်မဝမ်းကွဲတော်စပ်သူ မချိုလွင်ဦးက “ဥပဒေ လမ်းကြောင်းအတိုင်း မှန်ကန်စွာ သွားမယ်လို့ ယုံပါတယ်” ဟု ပြောဆိုထားသည်။
မုဒိမ်းမှုကျူးလွန်စဉ် လူသတ်မှု ၃၀၂(၁)(ဂ) သည် အနည်းဆုံး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး သေဒဏ် အထိချမှတ်နိုင်ကြောင်း၊ လူသေမှု ပုဒ်မ ၃၀၄(က)သည် အများဆုံး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်ကြောင်း သိရသည်။
အမှုဖြစ်စဉ်မှာ အငှားယာဉ်မောင်း မျိုးဇော်ဦးသည် လှည်းတန်းလမ်းဆုံမှ ဒဂုံမြို့နယ်သို့ ကားခ ကျပ် ၂၅၀၀ နှင့် လိုက်ပို့စဉ် လမ်း၌ အဲကွန်းဖွင့်ပေးသည့်အတွက် ငွေ ၁၀၀၀ ကျပ် ပိုပေးရန် တောင်းရာမှ စကားများခဲ့ပြီး FDA အမျိုးသမီးဝန်ထမ်းကို လည်ပင်းညှစ်ရာ သတိလစ်သွားကြောင်း ရဲတပ်ဖွဲ့၏ ကနဦးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတိလစ်သွားသည့် အဆိုပါ အမျိုးသမီးကို ဒဂုံမြို့သစ် (မြောက်ပိုင်း)သို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းဘေးအမှောင်ရိပ်တွင် အမျိုးသမီး၏လည်ပင်းအား ယာဉ်ပေါ်တွင် ပါလာသည့် ဝက်အူလှည့်နှင့် ၁ ချက်ထိုးခဲ့ကြောင်း၊ မသေဆုံးမီ သားမယားပြု ကျင့်ခဲ့ပြီးနောက် အလောင်းအား ငမိုးရိပ်ချောင်းလက်တက် ချောင်းကူးတံတားဘေးရှိ သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့သည် ဟု တရားခံ မျိူးဇော်ဦး (ခ) ဆီဒိုးနားက ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းများက ဆိုသည်။