ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုရှိ တောင်ကျချောင်းရေကြောင့် ပျက်စီးသွားသည့် နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ မိသားစုတစုလျှင်ငွေကျပ် ၁ သိန်း ထောက်ပံ့ကူညီခဲ့သော်လည်း ၅ သောင်းကျပ်သာ ရရှိကြောင်း ရေဘေးဒုက္ခသည်များထံမှ သိရသည်။
ရှောပြာကျေးရွာအုပ်စုတွင် ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက တောင်ကျချောင်းရေကြောင့် မိသားစု ၆၄ စု
ရေဘေးသင်ခဲ့သည့် အတွက် ဧရာဝတီတိုုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးဦးဆောင်သောအဖွဲ့မှ ရှောပြာကျေးရွာအုပ်စုသို့ကွင်ဆင်း၍ ကယ်ဆယ်ရေးပစ္စည်းများ
ကူညီထောက်ပံ့ခဲ့ပြီး နေအိမ်ပျက်စီးခဲ့သည့်မိသားစု ၄ စုအား ငွေကျပ် ၁ သိန်းစီ ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
ဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် အဖွဲ့မှလှူဒါန်းသောငွေကျပ် ၁ သိန်း လက်ခံရယူပြီးနောက် အိမ်အပြန်လမ်းတွင် ဝါးပိုးကျေးရွာခေါင်းဆောင် ဦးကျင်သိန်းမှ မိမိတို့ ရေဘေးဒုက္ခသည် ၄ ဦးထံမှ တဦးလျှင် ၅ သောင်းကျပ်စီ ပြန်လည်တောင်းခံခဲ့ကြောင်း ရေဘေးဒုက္ခသည် ကိုဝင်းလွင်က ပြောသည်။
“တောင်ကျချောင်းရေကျလို့ ကျနော့်အိမ်က အလုံးလိုက်ကျွတ်ပါတာ၊ ဘေးအိမ်ကနေ ကြိုးနဲ့ချည်ဆွဲထားလို့ အိမ်တိုင်တချို့ပဲ ကျန်ခဲ့တာ။ အဲဒါကို ဝန်ကြီးက အိမ်ဆောက်ဖို့ ၁ သိန်းစီပေးတယ်။ အပြန်လမ်းကျတော့ မင်းတို့တယောက် ၅ သောင်းစီ ငါ့ကိုပေး။ အိမ်ပျက်ပြီး ထောက်ပံ့ကြေးမရသေးတဲ့အိမ်တွေကို ခွဲပေးရမယ်ဆိုပြီး တောင်းလို့ ပေးလိုက်ရတယ်။ အခုချိန်အထိလည်း အဲဒီ ငွေတွေကို ဘယ်ဒုက္ခသည်ကိုမှ မပေးဘဲ သူယူထားတာ။ ကျနော်တို့မှာ ငွေ ၅ သောင်းနဲ့ အိမ်ဆောက်ဖို့အဆင်မပြေလို့ ဒုက္ခတွေရောက်နေကြတယ်”ဟု ၎င်းက ပြောသည်။
မိမိအနေဖြင့် ရေဘေးဒုက္ခသည် ၄ ဦးထံမှ ငွေ ၅ သောင်းကျပ်စီတောင်းခံခဲ့ကြောင်း၊ အဆိုပါ ငွေများအား အိမ်ပျက်စီးပြီး ထောက်ပံ့ကြေးမရသည့် ဝါးပိုးကျေးရွာမှ အခြားသော နေအိမ် ၄ လုံးအားထောက်ပံ့ပေးရန်ဖြစ်ကြောင်း ဝါးပိုးကျေးရွာခေါင်းဆောင် ဦးကျင်သိန်းက ပြောသည်။
“ကျနော့်အနေနဲ့ သူတို့ဆီက ငွေ ၅ သောင်းကျပ်စီတောင်းထားတယ်ဆိုတာ ဟုတ်ပါတယ်။ အဲဒီ ဇွန်လ ၁၅ ရက်နေ့ညပိုင်းက အိမ်ပျက်တာ ၄ လုံးဆိုပြီး စာရင်းတင်ခဲ့တယ်။ မနက်ပိုင်းရေကျချိန်မှာ ပျက်တဲ့အိမ်က ၈ လုံးအထိ ဖြစ်နေတယ်။ ဒါပေမယ့် ကိုဝင်းလွင်တို့ ၄ ယောက်ပဲ ငွေရပြီး ကျန်တဲ့ ၄ လုံးက ထောက်ပံ့ကြေး မရဘူး။ အဲဒီကျန်နေတဲ့အိမ် ၄ လုံးကိုလည်း ထောက်ပံ့ပေးဖို့ တင်ပြထားတယ်။ မရခဲ့ရင် ဒီငွေ ၅ သောင်းကို ကျန်လူတွေ ထောက်ပံ့မယ်၊ ရလာခဲ့ရင် ဒီငွေတွေကို ကိုဝင်းလွင်တို့ကို ပြန်ပေးသွားမှာပါ”ဟု ဝါးပိုးကျေးရွာ ခေါင်းဆောင် ဦးကျင်သိန်းက ပြောသည်။
ရေဘေးကြောင့် ပျက်စီးသည့် အိမ်များပြန်ဆောက်ရန် ထောက်ပံ့ငွေထဲမှ ၅ သောင်းကျပ်တောင်းယူသည့် ဝါးပိုးကျေးရွာခေါင်းဆောင် ဦးကျင်သိန်းအား အရေးယူပေးရန်နှင့် ထောက်ပံ့ငွေအပြည့်အဝရရှိရေး ကူညီပေးရန် ရေဘေးဒုက္ခသည်များက ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနထံ တင်ပြထားကြောင်း သိရသည်။