ဦးကိုနီ လုပ်ကြံခံရမှုတွင် ကြည်လင်းနှင့် အမှုတွဲများအား မြောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်ထားသည့် ပုဒ်မတချို့ ပြောင်းလဲ၍ ဆက်လက် စစ်ဆေးရန် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ချုပ်က ယနေ့ အမိန့် ချလိုက်သည်။
အမိန့်မချမှတ်ခင် တိုင်းတရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင်က “အပြင်မှာ ပြောဆိုချက်တွေကြောင့် ကျနော့်မှာ ဘာ ဖိအားမှမရှိပါဘူ။ ကျနော်မြင်တဲ့ အတိုင်း တိတိကျကျ ဒီအမိန့်တွေကို ချပါတယ်” ဟု ပြောဆိုသည်။
စွဲချက်ပြောင်းလဲမှု အနေဖြင့် ဇေယျာဖြိုးအား မူလ စွဲချက်ဖြစ်သည့် အကြံတူတခုအား ပူးပေါင်းလုပ်ဆောင်မှု ပုဒ်မ ၃၀၂(၁) (ခ)/၃၄ အစား ပြစ်မှုကျူးလွန်သူကို အားပေးကူညီမှု ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် ပြောင်းလဲ စစ်ဆေးသွားရန် အမိန့်ချ ခြင်းဖြစ်သည်။
ယင်းပြင် အောင်ဝင်းဇော်အား ၁၈၇၈ ခုနှစ် လက်နက် အက်ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ ၁၉(စ) ဖြင့် စွဲချက်တင်ထားမှုမှ လွှတ် ပေးခဲ့သည်။ ၎င်းအနေဖြင့် လက်နက် ဥပဒေမှ လွှတ်မြောက်ခဲ့သော်လည်း ဦးကိုနီလုပ်ကြံမှုတွင် ကြည်လင်းနှင့်အတူ မူလ စွဲချက်ဖြစ်သည့် ပုဒ်မ ၃၀၂(၁)(ခ)/ ၃၄ ကို ရင်ဆိုင်ရမည် ဖြစ်သည်။
တရားလိုဘက်မှ ရှေ့နေ ဦးခင်မောင်ဌေးက “ဇေယျာဖြိုးအနေနဲ့ အကြံတူတခုကို ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲနဲ့
ပြစ်မှုကျူးလွန်တဲ့ နေရာမှာ ကိုယ်တိုင် မရှိသော်လည်း ကျူးလွန်ရန် အားပေးကူညီတဲ့ အနေနဲ့ ရှင်းရမှာပေါ့။ ပြစ်ဒဏ် က တော့ ပြောင်းလိုက်တဲ့ ပုဒ်မနှစ်ခုက မကွာပါဘူး။ ပြစ်ဒဏ်ကို မကြည့်ပါနဲ့ သူတို့ထုချေရမယ့် အကြောင်းအရာ ပေါ်မှာပဲ ကြည့်ရမှာပါ။ ရှင်းရတဲ့နေရာမှာ နည်းနည်းအဓိပ္ပာယ် ကွာသွားတာပေါ့” ဟု ပြောပြသည်။
တိုင်းတရား လွှတ်တော်ချုပ်၏ အမိန့်များနှင့် ပတ်သက်ပြီး ကိုဇေယျာဖြိုး၏ ရှေ့နေဖြစ်သူ ဒေါ်ပပဝင်းက ပြည်ထောင်စု တရား လွှတ်တော်ချုပ်ထံ ပြင်ဆင်အယူခံ ထပ်မံ လျှောက်ထားသွားမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
အမှု၌ တရားလိုဘက် ရှေ့နေများက တင်ပြခဲ့သည့် အယူခံများနှင့် ပတ်သက်၍မူ တိုင်းတရားလွှတ်တော် က ပလပ်ခဲ့သည်။
သေနတ်သမား ကြည်လင်းအနေနှင့် ဦးကိုနီအား လုပ်ကြံမှု အတွက် ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ကိုလည်းကောင်း၊ လေဆိပ် အငှားယာဉ်မောင်း ဦးနေဝင်းအား သေစေမှု အတွက် ပုဒ်မ ၃၀၂(၂) ကိုလည်းကောင်း၊ သေနတ် နှစ်လက်အတွက် လက်နက် ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ ၁၉ (စ) တို့ကိုလည်းကောင်း မူလစွဲချက်များ အတိုင်း ပြောင်းလဲမှု မရှိဘဲ ရင်ဆိုင် ဖြေရှင်း ရမည်ဖြစ် သည်။
အမှုတွင် အာမခံရထားသည့် အောင်ဝင်းထွန်း အနေဖြင့်လည်း မူလစွဲချက်ဖြစ်သည့် ပုဒ်မ ၂၁၂ ဖြင့်ပင် ဆက်လက် ရင်ဆိုင် ရမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်း၏ ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံး ခဲ့ရသည်။