အခုလို မိုးရာသီ အချိန်အခါမျိုးမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအတွက် လွယ်ကူ အဆင်ပြေစေမယ့် ဖက်ရှင် နည်းလမ်းတွေ ဝေမျှပေးလိုက်ပါတယ်။ အလုပ်တွေရှုပ်၊ မိုးက ရွာနဲ့ အဝတ်အစားကို ဂရုမစိုက်နိုင်ဘူး ဖြစ်နေရင်တောင် ရိုးရှင်းပေါ့ပါးပြီး စမတ်ကျစေမယ့် နည်းလမ်းလေးတွေမို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) အရောင်
အခုလို အုံ့ဆိုင်း ထိုင်းမှိုင်းနေတဲ့ ရာသီဥတုမျိုးမှာ မီးခိုးရောင်၊ အဖြူရောင်တွေ ဝတ်ဆင်မယ့်အစား အရောင်လွင်လွင်နဲ့ တောက်ပတာမျိုးကို ဝတ်ဆင်သင့်ပါတယ်။ အဖြူကတော့ ဒီလိုရာသီဥတုမျိုးမှာ ရှောင်တာက အကောင်းဆုံးဖြစ်ပြီး အနီ၊ အပြာ၊ ပန်းရောင် စတဲ့အရောင်လေးတွေ ဝတ်ဆင်ခြင်းအားဖြင့် သင်ကိုယ်တိုင် စိတ်ဓာတ် တက်ကြွနေပြီး မိုးရာသီမှာ ပေ့ါပါးသွက်လက်နေမှာ ဖြစ်ပါတယ်။
(၂) ဘောင်းဘီနဲ့ စကပ်
မိုးတွင်းမှာ ဘောင်းဘီရှည် ဝတ်တာက မိုးရေစိုစွတ်တဲ့အခါ သင့်ကို နာမကျန်းဖြစ်စေနိုင်တဲ့အတွက် ဘောင်းဘီရှည်ကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ဂျင်းဘောင်းဘီတွေက အခြောက် မမြန်တဲ့အတွက် ရှောင်သင့်ပါတယ်။ မီနီစကပ်မျိုး၊ ရုံးဝတ်စကပ်မျိုး ဝတ်ဆင်ခြင်းက ပိုစမတ်ကျပြီး ပေါ့ပါးနေစေမှာပါ။
(၃) အနွေးထည်
ကုတ်အကျီၤ (သို့) အနွေးထည် အပါးလေးတထည်ကိုတော့ ဆောင်ထားသင့်ပါတယ်။ ညနေဘက် အပြင်သွားတဲ့အခါ ပုံစံပြောင်းလို့ ရသလို အေးလာတဲ့အခါ အနွေးဓာတ် ရစေဖို့ အမြန်ဆုံး နည်းလမ်းပါ။
(၄) ဖိနပ်
သားရေရှူးနဲ့ ကြိုးသိုင်းဖိနပ်အစား ဂျယ်လီရှူး၊ မိုးတွင်းစီး ပေါ့ပါးပြီး အခြောက်မြန်တဲ့ ဖိနပ်မျိုးကို ရွေးချယ်ပါ။ ဒါ့အပြင် ခြေနံ့ ထွက်နိုင်တဲ့ ဖိနပ်မျိုးကို ရှောင်ရှားသင့်သလို ဖိနပ်ရေ မစင်စေနိုင်တာမျိုးကို ဝတ်ဆင်ပါ။
(၅) ဆံပင်
မိုးတွင်းမှာ ဆံပင်ဖားလျားချတာက ပုံပျက်စေပြီး သင့်မျက်နှာမှာ အခန့်မသင့်ရင် ဝက်ခြံတွေ ပေါက်စေပါတယ်။ ဒါကြောင့် အလုပ်နဲ့လည်း ကိုက်ညီအောင် ဆံထုံးထုံးတာမျိုး၊ ပိုနီတေးလ်နဲ့ ကျစ်ဆံမြီး ကျစ်တာက သင့်ကို ပိုသပ်သပ်ရပ်ရပ် ရှိစေမှာပါ။
(၆) မိတ်ကပ်
မိုးရာသီမှာ အထူးဂရုစိုက်ရမှာ မိတ်ကပ်လည်း ပါဝင်ပါတယ်။ ရေစိုခံ Eye Liner နဲ့ Foundation ကို ရွေးချယ် လိမ်းသင့် ပါတယ်။ ဒါမှ အချိန်တိုင်း ပြင်နေစရာ မလိုတဲ့ မျက်နှာအလှကို ရမှာ ဖြစ်ပါတယ်။
(၇) ထီး
နောက်ဆုံး စမတ်ကျကျနဲ့ လှနေစေဖို့ကတော့ သင်နဲ့ လိုက်ဖက်တဲ့ ထီးလေးတချောင်းပါပဲ။ ကိုရီးယားကားထဲကလို ထီးဝါဝါလေး တချောင်းလား၊ အကြည်ရောင် ထီးလေး တချောင်းလား ဆိုတာကတော့ သင့်အကြိုက်နဲ့ ဆန်းစစ်ပြီး ဆောင်ထားဖို့ လိုပါတယ်နော်။
ကဲ ဒီလိုမျိုးသာဆိုရင် မိုးတွင်းမှာလည်း အလုပ်မရှုပ်ဘဲ ပေ့ါပါ့ပါးပါးနဲ့ လှပနေနိုင်မှာ အမှန်ပါပဲ။