သတင်း

မယ်လဒုက္ခသည်စခန်း အိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်

ထိုင်း-မြန်မာ နယ်စပ် အနီးရှိ မယ်လ ဒုက္ခသည် စခန်းတွင် ရေကြီးမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်နှင့် ကျောင်း ဘော်ဒါဆောင် တဆောင် ရေနစ်မြှုပ်မှု ဖြစ်ပွား ကြောင်း သတင်း ရရှိသည်။

အဆိုပါ ရေကြီးမှုမှာ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင် ရေပြန်ကျသွား၍ တချို့ အိမ် များတွင် သန့်ရှင်းရေး လုပ်ပြီး ပြန်လည် နေထိုင်နေကြပြီ ဖြစ်ကြောင်း မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောအောနက် က ပြောသည်။

စောအောနက် က“မယ်လချောင်း ရေလမ်းကြောင်းသွားတဲ့ ဂူဝမှာ သစ်တွေ အမှိုက်တွေပိတ်ပြီး ရေမဆင်းနိုင်ဘဲ ဖြစ်ပြီး စခန်းထဲအထိ ရေတက်လာတာပေါ့။ တက်တော့ အိမ်ခြေ ၁၀၁ လုံးနဲ့ ဘော်ဒါဆောင်ကတော့ မြုပ်သွား တာ ပေါ့။ ရိက္ခာ ဂိုဒေါင်ကတော့ ဆိုးဆိုးဝါးဝါးမထိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် တောင်ကျရေ စီးဆင်းခဲ့ရာတွင် ရေစီးကြောင်း ပိတ်ဆို့နေ၍ စခန်းတွင်းရှိ C 1 (A)၊ C 1 (BB) ရပ်ကွက် ၂ ခုမှ အိမ်ခြေ ၁၀၁ လုံးနှင့် ဘော်ဒါကျောင်းဆောင် နစ်မြုပ်ခဲ့ပြီး ရိက္ခာနှင့် အိုးခွက် ပန်းကန်များ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေစီးကြောင်း ပိတ်ဆို့နေသော ဂူဝက အမှိုက်များလည်း ရှင်းလင်းသွားပြီဖြစ်သဖြင့် စိုးရိမ်စရာ မရှိတော့ကြောင်း စောအောနက် ကပြောသည်။

ရေတက်မှု ဖြစ်ပွားနေချိန်တွင် အဆိုပါ ဘော်ဒါဆောင်နှင့် အိမ်ခြေ ၁၀၁ လုံးမှ ဒုက္ခသည် မိသားစုဝင်များသည် နီးစပ်ရာ ဆွေမျိုးအိမ်များနှင့် ရပ်ကွက်ရုံးခန်းများတွင် ခေတ္တခိုလှုံခဲ့ရကြောင်း၊ တချို့မှာ ၎င်းတို့အိမ်များကို သန့်ရှင်းရေး ပြုလုပ်၍ ပြန်လည်နေထိုင်နေကြသော်လည်း တချို့မှာ မိတ်ဆွေများ၏ အိမ်တွင်ခိုလှုံနေရဆဲ ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ ပြန်လည် နေရာချထားရေး ကိစ္စရပ်များနှင့် ပတ်သက် ၍ မယ်လ ဒုက္ခသည် စခန်းကော်မတီနှင့် နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) တို့ ပူးပေါင်းကာ စာရင်းပြုစုနေကြောင်း သိရသည်။

ကရင်ဒုက္ခသည် ကော်မတီ (KRC) ဥက္ကဋ္ဌ ဦးရောဘတ်ထွေး က “ရေမြုပ်တော့ တချို့အိမ်တွေက နည်းနည်း ပါးပါး၊ တချို့အိမ်တွေ ကတော့ ပျက်သွားတာ ရှိတယ်။ အပျက်အစီး စာရင်းက အတိအကျ ပြောလို့ မရသေး ဘူး။ ကောက်နေတုန်းပဲ”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် ဒုက္ခသည် စုစုပေါင်း ၃၇၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာကိုတော့ TBC က ထောက်ပံ့ ပေးနေလျက် ရှိကြောင်း သိရသည်။

မယ်လစခန်းရှိ ဒုက္ခသည်များသည် ကရင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၁၉၈၄ ခုနှစ်မှစပြီး အိုးအိမ်များ စွန့်ခွာ၍ ထွက်ပြေး လာခဲ့ ကြရသူများ ဖြစ်သည်။

စစ်ပွဲများကြောင့် မယ်လစခန်းသို့ လာရောက် ခိုလှုံကြသူများထဲတွင် တချို့သည် တတိယ နိုင်ငံများတွင် အခြေ ချနေကြပြီ ဖြစ်ပြီး တချို့မှာ မြန်မာနိုင်ငံအတွင်း နေရပ်ရင်းများတွင် ပြန်လည် နေထိုင်နေကြလျက် ရှိုသည်။

ကျန်ရှိနေသူများ အနေဖြင့် နေရပ်ရင်းတွင် လုံခြုံမှုမရှိသေးသဖြင့် ဆက်၍ နေထိုင်နေကြရကြောင်း သိရသည်။

Loading