မွန်ပြည်နယ် အပါအဝင် တိုင်းနှင့် ပြည်နယ် ၃ ခု၌ လာမည့် ၃ ရက် အတွင်း ဆက်တိုက် မိုးရွာသွန်းမှု ပိုနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သတိပေး ထားသည်။
ဇွန်လ ၂၁ ရက် အထိ မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင် မိုးပိုမည်ဖြစ်သဖြင့် သတိပြုကြရန် မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ဧရာဝတီသို့ ပြောသည်။
ဦးကျော်မိုးဦးက “ဒီရက်ပိုင်းမှာ ဆိုရင်တော့ မွန်၊ ကရင်၊ တနင်္သာရီတိုင်း ၂၁ လောက်အထိ မိုးဆက်ပိုနေဦးမယ့် အနေ အထား ရှိတယ်။ ၂၁ လောက်ဆိုရင်တော့ မုတ်သုံ နည်းနည်းလေး ပြန်တက်လာမယ့် အနေအထား ရှိတယ်”ဟု ပြောပြသည်။
ဇွန် ၁၉ ရက် အတွက် မိုးလေဝသ ခန့်မှန်းချက်များတွင်မူ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း တို့တွင် မိုးကြီး နိုင်သောကြောင့် ရေကြီးရေလျှံမှုများကို သတိပြုကြရန်လည်း မိုး/ဇလ က ဆိုသည်။
မိုးကြီးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်မိုးဦးက “ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွေမှာ မုတ်သုံလေ အလွန် အားကောင်းနေတဲ့ အတွက်ကြောင့်မို့လို့ ဒီဖြစ်စဉ်တွေ ဖြစ်တာပေါ့။ အနောက်မြောက်ဘက် ကနေ ပြီးတော့ လေအေးတွေကလည်း ဆင်းလာတယ်။ ဒါတွေက လာပြီး ဆုံတဲ့ အတွက်ကြောင့်မို့လို့ မိုးကြီးမှုတွေ ဖြစ်တာပါ” ဟု ရှင်းပြသည်။
မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင် ကလည်း နောက် ၂ရက်အတွင်း ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်း တို့၌ မုတ်သုံလေ အားကောင်း နိုင်ကြောင်း ခန့်မှန်းထားသည်။
ဇွန်လ ၁၈ ရက်တွင် စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့တွင် နေရာ ကွက်ကျား၊ ကျန် ဒေသများတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ခန့် မှန်း သည်။
ဇွန်လဆန်းပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေခဲ့ရကာ လူသေဆုံးမှုများလည်း ရှိခဲ့သည်။
ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ် အတွင်းရှိ မြို့နယ်တချို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှု များ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ပြည်သူများ အရေးပေါ် ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ခဲ့ရသည်။
ထိုသို့ မော်လမြိုင်မြို့ ရေကြီးမှု ဖြစ်ပွားရခြင်းမှာ ချောင်း၊ မြောင်းများ တိမ်ကောလာပြီး ပိတ်ဆို့နေမှုများကြောင့် ဟု မြို့ခံများ က ပြောဆိုသည်။
မော်လမြိုင်မြို့ မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ရပ်ကွက် ၁၀ ခုခန့်မှာ ရေကြီး နစ်မြုပ်လျက်ရှိပြီး အိမ်ထောင်စု ၂၀၀၀ ကျော် လူဦးရေ ၅၀၀၀ ကျော် ရေဘေး သင့်ခဲ့ရကြောင်း နှင့် ရေဘေး ကယ်ဆယ်ရေးစခန်း ၁၀ ခုကျော် ဖွင့်လှစ်ထား ရှိ ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည် နယ်တို့တွင် တပတ်မှ ဆယ်ရက်ခန့် မိုးရွာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းနှင့် ကယားပြည်နယ်တို့တွင် လေးရက်မှ ခြောက်ရက် ခန့် အတွင်း မိုးရွာနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။