ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့က ၎င်းအား ဆဲဆိုရိုက်နှက်မှုဖြင့် တရားရုံးသို့ ဦးတိုက်လျှောက် ထား အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ YBS ၂၀၏ ယာဉ်မောင်းဟောင်း ဦးအောင်မြတ်အနေဖြင့် ကျေအေးပေးရန် ဆုံဖြတ်ကြောင်း သတင်းရရှိသည်။
ဦးအောင်မြတ်က ၎င်းတိုင်ကြားထားသည့် အမှုကို ကျေအေးရန် ဇွန်လ ၁၅ ရက်က လှိုင်သာယာ မြို့နယ်တရားရုံး၊ တရားသူကြီးထံ တင်ပြခဲ့ခြင်း ဖြစ်သည်။
“သူတို့ဘက်က ၅ ရက်နေ့မှာ ဦးမောင်မောင်ဟန်တို့ကို ခေါ်ညှိပြီး ကျနော့်လုပ်ခလစာတွေ လိုင်စင်တွေ အကုန်ပြန်ပေး မယ်ဆိုလို့ ကျနော့်ဘက်က ကျေအေးပေးဖို့ လုပ်လိုက်တာပါ။ ကျနော်က ယာဉ်မောင်း လိုင်စင်က ကျနော်ထမင်းစားတဲ့ လက်မှတ်လေ။ အဲ့ဒါလေး ပြန်ရမယ်ဆိုတော့ ကျနော်ကလည်း ကျေအေးပေးဖို့ လုပ်တာပါ”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ရက်နေ့က ဦးကျော်နေဝင်း ပိုင် OMNI FOCUS GENERAL SERVICE Co.Ltd ယာဉ်လိုင်း၏ YBS ၂၀ မှ ဦးအောင်မြတ် မောင်းနှင်သည့် ယာဉ်သည် အခြား YBS ၂၀ ယာဉ်တစီးအား တိုက်မိရာ ယာဉ်အစိတ်အပိုင်းများ ပျက်စီးသွားခြင်းကြောင့် ၊ ဦးကျော်နေဝင်းနှင့် ညီ ဖြစ်သူ ဦးဇွဲနေဝင်းတို့က ဦးအောင်မြတ်ကို ဆဲဆို၊ ခြေထောက်နှင့် ကန်ကာ၊ မျက်နှာကို ရိုက်နှက်ခြင်း များ ပြုလုပ်ခဲ့သဖြင့် မေလတွင် လှိုင်သာယာမြို့နယ်တရားရုံးသို့ ဆေးစာများဖြင့် ဦးတိုက်လျှောက်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တရားရုံးမှ အမှုကို ပြန်လည် စုံစမ်းစိစစ်စေခဲ့ပြီး ဇွန်လ ၁ရက်၌ တရားသူကြီးက ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ကို ဆဲဆိုမှု ပုဒ်မ ၂၉၃ ၊ နာကျင်စေမှု ပုဒ်မ ၃၂၃ တို့ဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၂၉၃ သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အလုပ်နှင့် ထောင်ဒဏ် ၃လ ကျနိုင်ပြီး၊ ပုဒ်မ ၃၂၃ က ပြစ်မှုထင်ရှား ပါက ထောင်ဒဏ် တနှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ်တသိန်းဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံး ကျခံရမည့် ပုဒ်မများ ဖြစ်သည်။
တဖက်တွင်လည်း ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့က ဦးအောင်မြတ်နှင့် တိုက်မိသည့် တဖက် YBS ၂၀ ယာဉ်မောင်း ဦးကျော်မင်းထွန်းတို့ နှစ်ဦးကို ယာဉ်မဆင်မခြင် မောင်းနှင်မှု ဆိုင်ရာ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ထားသည်။
ပုဒ်မ ၂၇၉ သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂နှစ်ထိဖြစ်စေ၊ ဒဏ်ငွေ ၁ထောင်ကျပ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျနိုင်သည့် ပုဒ်မဖြစ်သည်။
ယင်းအမှု ၂ခုလုံးမှ ရုံးချိန်းများတွင် ဦးအောင်မြတ်နှင့် ဦးကျော်မင်းထွန်းတို့က လာရောက်သော်လည်း ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့က ကိုယ်စားသာလွှတ်သဖြင့် တရားရုံးက သမ္ဗာန်စာဖြင့် ထပ်မံ ဆင့်ခေါ် ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်တွင် ဦးအောင်မြတ်၏ အမှုကို လိုက်လံကူညီပေးနေသည့် ဧရာဝတီတိုင်း ၂၆ မြို့နယ် အလုပ် သမား ကိုယ်စားလှယ် ဦးမောင်မောင်ဟန်ကို ဦးကျော်နေဝင်းက ဆီဒိုးနားဟိုတယ်တွင် ခေါ်ယူတွေ့ဆုံပြီး ၎င်းတို့ ညီအကို နှစ်ဦးကို စွဲဆိုထားသည့် ဆဲဆိုမှု၊ နာကျင်စေမှု ဆိုင်ရာ အမှုများကို ကျေအေးပေးရန် ၊ ၎င်းဘက်မှလည်း ပြန်လည် ကျေအေးကာ ယာဉ်မောင်း လိုင်စင်ရအောင် ပြန်လုပ် ပေးမည်ဟု ဆိုကာ ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ဦးမောင်မောင်ဟန်က “၅ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ မနက် ၉နာရီကနေ ၁၀နာရီခွဲထိ ဦးကျော်နေ ဝင်း၊ ဦးကျော်သီဟ၊ ကျနော်တို့ဘက်က ကျနော်ရယ် အလုပ်သမားသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ဦးထွန်းထွန်းနိုင်၊ ဦးဇာနည်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်က ဥပဒေအကြံပေး ဦးရဲနိုင်ဝင်းတို့ သွားတွေ့ ခဲ့တာပါ”ဟု ပြောသည်။
ဦးကျော်နေဝင်းက ၎င်းတို့ ညီအကိုနှစ်ဦးကို စွဲဆိုထားသည့် အမှုများကို ကျေအေးပေးရန်၊ ၎င်းဘက်မှ ဦးအောင်မြတ်တို့ ခုံသမာဓိမှ တဆင့် တိုင်တန်းတောင်းဆိုထားသည့် လုပ်ခလစာ၊ အလုပ်ထုတ် နစ်နာ ကြေး၊ နို့တစ်ကြေး တို့အားလုံးကို ပေးပြီး ယာဉ်မောင်းလိုင်စင် ပြန်ရအောင်လည်း အမှုပိတ်သိမ်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောဆို ခဲ့ခြင်း ဖြစ်သည်ဟု ဦးမောင်မောင်ဟန်က ဆိုသည်။
ဦးအောင်မြတ်ကလည်း ယာဉ်မောင်းလိုင်စင်နှင့် လုပ်ခလစာများ ပြန်ရမည် ဆိုပါက အမှုကို ကျေအေး ပေးမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့်လည်း လစာနှင့် လိုင်စင်မရပဲ အမှုရင်ဆိုင် နေရသဖြင့် မိသားစု အခက်အခဲများ ရှိကြောင်း ပြောဆိုသည်ဟု သိရသည်။
ဦးအောင်မြတ်က လုပ်ခလစာ၊ အလုပ်ထုတ် နို့တစ်ကြေးနှင့် ပိတ်ရက်ဖြတ်ငွေ စုစုပေါင်း ၅သိန်း ၉ သောင်း၊ ဦးကျော်မင်း ထွန်းက လုပ်ခလစာ၊ အလုပ်ထုတ်နစ်နာကြေး၊ နို့တစ်ကြေးနှင့် ပိတ်ရက် ဖြတ်ငွေ စုစုပေါင်း၇သိန်း ၄သောင်းကို OMNI FOCUS GENERAL SERVICE Co.Ltdမှ ရရှိမည် ဖြစ်ပြီး ကုမ္ပဏီမှ မပေးသဖြင့် မြို့နယ်ဖြန်ဖြေရေး ရုံးမှ တဆင့် ခုံသမာဓိ ထိ တိုင်ကြားကာ တောင်း ဆိုထားသည်။
သို့သော် ကုမ္ပဏီက ဦးအောင်မြတ်ကို ၄သိန်း၊ ဦးကျော်မင်းထွန်းကို ၃သိန်း ပေးထားပြီး ကျန်ငွေများ ပေးထားခြင်း မရှိသေးကြောင်း သိရသည်။
ဦးမောင်မောင်ဟန်က “အလုပ်ရှင်နဲ့ အလုပ်သမားမှာ သူ့ရဲ့ပစ္စည်းကို ဒီလို မြင်လိုက်တဲ့ အတွက် ရုတ်တရက် ဒေါသကို မထိန်းသိမ်းနိုင်ဘူး။ ဒါပေမယ့် မီဒီယာတွေက အင်တာဗျူးတော့ သူမလုပ်ပါ ဘူးဆိုပြီး သူကရှင်းတယ်။ ကျနော့်အနေနဲ့ ပြောချင်တာကတော့ မိမိကိုယ်ကို အသိဆုံးပေါ့၊ အားလုံးက ကိုယ်ဘာလုပ်တယ်ဆိုတာ တခြားသူထက် ကိုယ်တိုင် အသိဆုံးပါလို့ ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
အမှုကို ကျေအေးပေးရန် ဦးကျော်နေဝင်းတို့ထံမှ ငွေကြေးတစုံတရာ ယူထားခြင်း မရှိကြောင်း၊ ယာဉ် မောင်း လိုင်စင် ပြန်ရအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုသဖြင့် ကျေအေးပေးရန် တရားရုံး သို့ စာတင်ခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်မြတ်က ဆိုသည်။
“၅ ရက် ၆ လက ဆီဒိုးနားဟိုတယ်မှာ မနက် ၉ နာရီကနေ ၁၀ နာရီခွဲ ၁နာရီခွဲကြာ ဦးကျော်နေဝင်း ရယ် ကုမ္ပဏီဘက်က ပိုင်ရှင်က ဦးကျော်နေဝင်း ၊ ဦးကျော်သီဟ ဒီဘက်က ကျနော် ဦးမောင်မောင် ဟန်ရယ် အလုပ်သမားသမဂ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီက ဦးထွန်းထွန်းနိုင်၊ ဦးဇာနည်၊ နောက် ပဲခူးတိုင်း ဒေသကြီး လွှတ်တော်က ဥပဒေ အကြံပေး ဦးရဲနိုင်ဝင်း၊ ကျနော်တို့က ၄ယောက် ၊ သူတို့က ၂ယောက်တွေ့ပါတယ်”ဟု ဦးအောင်မြတ်က ပြောသည်။
အမှုများကို အပြန်အလှန်ကျေအေးရန် ညှိနှိုင်းခဲ့ခြင်းနှင့် ပတ်သက်၍ ဧရာဝတီက ဦးကျော်နေဝင်းကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၎င်းက အမှုအားလုံး ပြီးဆုံးသွားမှသာ အမေးအဖြေပြုလုပ်မည်ဟု ပြောသည်။
OMNI FOCUS GENERAL SERVICE ကုမ္ပဏီမှ တိုင်ကြားထားသည့် ပုဒ်မ ၂၇၉ အမှုအတွက် ရုံးချိန်းကို ဇွန်လ ၂၀ ရက်တွင် တရားရုံးက ထပ်မံချိန်းဆိုထားပြီး ဦးအောင်မြတ်မှ ဦးကျော်နေဝင်းကို ဆဲဆိုမှု၊ နာကျင်စေမှုဖြင့် စွဲဆိုထားသည့် အမှုအတွက် ရုံးချိန်းကို ဇွန်လ ၂၅ ရက်တွင် ထပ်မံ ချိန်းဆိုထားသည်။
ဆက်စပ်ဖတ်ရှု့ရန် – ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်း တို့ကို ပုဒ်မ ၂ ခုဖြင့် အမှုစွဲ
YBS ၂၀ ယာဉ်မောင်း ၂ ဦး နစ်နာကြေးမရ၍ ခုံသမာဓိရုံးသို့ ထပ်မံတိုင်ကြား
“အလုပ်ရှင်က အလုပ်သမားတွေကို အနိုင်မကျင့်စေချင်ဘူး”