ထိုင်းနိုင်ငံတွင် ကားမှောက် သေဆုံးသွားသည့် မြန်မာ အလုပ်သမား ၆ ဦးအတွက် တဦးလျှင် အာမခံကြေး ငွေကျပ် သိန်း ၂၉၂ သိန်းကျော်အား ကျန်ရစ်သူ မိသားစုဝင်များထံသို့ ပေးအပ်ကြောင်း သိရှိရသည်။
ဇွန်လ ၁၈ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ မေလ ၉ ရက်က ထိုင်းနိုင်ငံတွင် ကားမှောက် သေဆုံးသွားသည့် မြန်မာ အလုပ်သမား ၆ ဦးအတွက် အာမခံကြေး ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က “MoU နဲ့ သွား ခြင်းအားဖြင့် ကိစ္စကြီးငယ် တခုဖြစ်ရင် စေလွှတ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံက ထွက်ခွာတဲ့ အချိန် က စပြီး မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန်အထိ ကူညီကာကွယ် စောင့်ရှောက်မှုတွေ ဆောင်ရွက်နိုင်တယ်”ဟု ပြောကြားသည်။
သေဆုံးသူ တဦးစီ အတွက် ထိုင်းနိုင်ငံ ခရီးသွား အာမခံမှ ဘတ် ၄ သိန်း၊ ကားအာမခံမှ ဘတ် ၃ သိန်း စုစုပေါင်း ဘတ် ၇ သိန်းစီပေးလျော်ခဲ့ကြောင်း၊ ယင်းအခမ်းအနားတွင် သေဆုံးသူများ၏ မိသားစုဝင်များထံ ဘတ် ၇ သိန်းနှင့်် ညီမျှသည့် မြန်မာငွေ ကျပ် ၂၉,၂၄၀,၀၀၀ တိတိ ကိုပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းရှိ Golden Royal Mandalay Services Co.,Ltd အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ Sukhonnavason Co.,Ltd လုပ်ငန်း ခွင်သို့ မြန်မာMou အလုပ်သမားများအား သွားရောက်ပို့ဆောင်ခဲ့ရာ မေလ ၉ ရက်က မဲဆောက်မြို့အလွန် တောင်ပေါ် လမ်းအဆင်းတွင် ကားဘီးပေါက်ကာ ချောက်ထဲထိုးကျခဲ့သဖြင့် အမျိုးသမီး ၆ ဦးသေဆုံးခဲ့ပြီး ၁၂ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးက ဖြစ်ပွားခဲ့သည်များ အတွက် အထူးဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အလားတူ ဖြစ်ရပ်များကို ရှောင်ရှားနိုင်ရန် ကောင်းမွန် စိတ်ချရသည့် ယာဉ်နှင့် ယာဉ်မောင်းများ ဖြစ်စေရေး အတွက် စိစစ်ကြပ်မတ်ပေးရန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးနှင့် အေဂျင်စီများကို ညှိနှိုင်းခဲ့သည် ဟု ပြောသည်။
“သူတို့ အလုပ်သမား ဝန်ကြီးဌာနကလည်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဒီကိစ္စတွေကို တိတိကျကျ တင်းတင်း ကျပ်ကျပ် ဆောင်ရွက်ပါမယ်လို့ ကတိပြုပါတယ်။ အဲဒီအတိုင်း စစ်ဆေးနေတယ်လို့ သိရှိရပါတယ်”ဟု လည်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ပြောပြသည်။
အဆိုပါ ယာဉ်မတော်တဆဖြစ်မှုတွင် ဇနီးသည် ဆုံရှုံးခဲ့ရသူ ဖြူးမြို့နယ်က ကိုမင်းမင်းစိုးက လုံခြုံစိတ်ချရသော မော်တော် ယာဉ်နှင့် ယာဉ်မောင်းများဖြင့်သာ ပို့ဆောင်စေလိုသည်ဟု ဆိုသည်။
“အသက်ဆုံးရှုံးရတော့ ခရီးသည်ပဲ အသက်ဆုံးရှုံးရတာ။ ပို့တဲ့နေရာမှာ ကားကိုရော ဒရိုင်ဘာကိုရော မသွားခင် တိတိ ကျ ကျနဲ့ ကောင်းမွန်အောင် စစ်ဆေးပြီးမှ ပို့ပေးစေချင်တယ်” ဟု ဖြူးမြို့နယ်မှ ကိုမင်းမင်းစိုးက ပြောကြားသည်။
ကိုမင်းမင်းစိုးနှင့် ယာဉ်မတော်တဆမှုတွင် သေဆုံးခဲ့သည့် ၎င်း၏ အမျိုးသမီးတို့မှာ ထိုင်းနိုင်ငံတွင် အတူတကွ အလုပ် လုပ်ကိုင်ရန် ထွက်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကာ ၎င်း၌ သားတဦးရှိပြီး ထိုင်းနိုင်ငံသို့ ထပ်မံ သွားရောက် အလုပ် လုပ်တော့မည် မဟုတ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ၆ ဦးအတွက် မြဝတီခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ကရုဏာကြေး အဖြစ် ကျပ် ၁ သိန်းစီနှင့် Golden Royal Mandalay Services Co.,Ltd မှ ကျပ် ၁၂ သိန်းစီကို ဧပြီလ ၁၂ရက်က စတင် ပေးအပ် ခဲ့ကြောင်း ဆိုသည်။
ထို့နောက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့် သေဆုံးသူများနှင့် ထိခိုက် ဒဏ်ရာရရှိသူများ အတွက် ကျပ် ၅၁ သိန်း၊ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ကျပ် ၄၃၄၀,၀၀၀နှင့် ထိုင်းငွေ ၁၉၅၀၀ ဘတ်၊ Golden Royal Mandalay Services Co.,Ltd မှ ကျပ် ၅၈ သိန်းတိတိကို ရန် ကုန်မြို့တွင် မေလ ၁၂ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် မြန်မာ လုပ်သားများ အနေဖြင့်လည်း အကူအညီနှင့် ဥပဒေ အကာ အကွယ်များ ရရှိနိုင်ရန် တရားမဝင် သွားရောက်ခြင်း မပြုဘဲ MOU ဖြင့် သွားရောက် လုပ်ကိုင်ရန်လည်း ဝန်ကြီး က တိုက်တွန်း ပြောကြားသည်။
ယခု ဖြစ်ရပ်တွင် အလုပ်သမားများမှာ MOU အလုပ်သမားဖြစ်ပြီး အာမခံ ဆောင်ရွက်ထားသည့် အတွက် ယခုကဲ့သို့ နစ်နာ ကြေး၊ အာမခံကြေးများ ရရှိခြင်း ဖြစ်ကြောင်း ဦးသိန်းဆွေ က ပြောသည်။
ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့်် မြန်မာအလုပ်သမားများအား အသက် အာမခံ ထားရှိနိုင်ရေး အတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့က နှစ်ဘက် သဘောတူ စာချွန်လွှာကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ ရက် ၌ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။