သတင်း

အိုးဘိုထောင်က ဆယ်တန်းအောင် အကျဉ်းသား ထက်ဝက်ကျော်မှာ မူးယစ်မှု ကျခံသူများဖြစ်

Want create site? Find Free WordPress Themes and plugins.

မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို)မှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော အကျဉ်း သားများအနက် ထက်ဝက်ကျော်မှာ မူးယစ် ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်း ယင်းအကျဉ်းထောင် ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း က ဧရာဝတီ ကို ပြောသည်။

၎င်းက “လူငယ်ဆိုတာက စမ်းချင်တယ်။ မူးယစ်ဆေးဝါးကို တကြိမ် နှစ်ကြိမ် စမ်းမိတာနဲ့ နောက် ဆက်တွဲ မလိုလား အပ်တဲ့ ခိုးမှု၊ လုယက်မှု အသေးစားလေးတွေ ဖြစ်လာတယ်။ နိုင်ငံတော်ကလည်း ဒါကိုတိုက်ဖျက်နေတော့ မူးယစ် ဆေးဝါးကို သုံးစွဲတာ၊ လက်ဝယ် တွေ့ရှိတဲ့ အမှုတွေထဲ ပါဝင်သွားတဲ့ သဘောပါပဲ” ဟု ရှင်းပြသည်။

၂၀၁၇-၁၈ ပညာသင်နှစ် အတွက် မန္တလေးဗဟို အကျဉ်းထောင်မှ ၅၅ ဦးဝင်ရောက် ဖြေဆိုခဲ့ရာ ၃ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာ သာ ၄ ဦး၊ ၁ ဘာသာ ၁၃ ဦးနှင့် ရိုးရိုးအောင် ၆ ဦးဖြင့် စုစုပေါင်း ၂၇ ဦးအောင်မြင်ခဲ့ကြောင်း မန္တလေး ဗဟို အကျဉ်းထောင် က သိရသည်။

ထိုသို့ ဖြေဆိုအောင်မြင်ခဲ့သော အကျဉ်းသား ကျောင်းသား/ ကျောင်းသူများ အနက် ၁၅ ယောက်ကျော် မှာ မူးယစ် ဆေးဝါးမှုဖြင့် ပြစ်ဒဏ် ကျခံနေရသူများ ဖြစ်ကြောင်း သိရသည်။

မန္တလေးဗဟို အကျဉ်းထောင်မှ ၃ ဘာသာ ဂုဏ်ထူးရှင် အကျဉ်းသား မောင်ထက်ဆန်းစစ် က “မူးယစ် ဆေးဝါးကို တခါ လောက် သုံးကြည့်မယ် ဆိုပြီးတော့ပေါ့ ဒါပေမယ့် မူးယစ်ဆေးဝါးက တခါလောက် စမ်းမိတာနဲ့ တဘဝလုံး ပျက်စီးသွား နိုင်တယ်။ အခု အကျဉ်းထောင်ထဲမှာလည်း ကျနော် အပါအဝင် ခဏတာ ဆုံးဖြတ်ချက်မှားခဲ့တဲ့ အတွက် အပြစ်ဒဏ် ကျခံနေရတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။

၎င်းမှာ မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ် ၈ နှစ်ကျခံရသူ ဖြစ်ပြီး ၂၀၁၆ ခုနှစ်က မန္တလေးဗဟို အကျဉ်း ထောင်သို့ ရောက်ရှိ ခဲ့ကာ နဝမတန်းကို ထောင်တွင်း၌ ဆက်လက် သင်ကြားပြီးနောက် ၂၀၁၈ ခုနှစ် တက္ကသိုလ် ဝင်တန်းကို ၃ ဘာသာ ဂုဏ်ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သူ တဦး ဖြစ်သည်။

မောင်ထက်ဆန်းစစ်၏ မိခင် ဒေါ်နန်းမြင့်ဦးက “သားမူးယစ်မှုနဲ့ ပြစ်ဒဏ်ခံရတဲ့ အချိန်မှာ သူများတွေ မေးမှာစိုးလို့ ခေါင်းငုံနေခဲ့ရတယ်။ တကယ်လို့ ကလေးတွေကို ငဲ့ညှာသော အားဖြင့် အပြင်မှာ ပညာ ဆက်လက် သင်ကြားခွင့် ပေးပါလို့ တောင်းဆိုချင်တယ်။ ပြီးတော့ မူးယစ်ဆေးဝါးကို တကယ် ရောင်းဝယ် ဖောက်ကားနေတဲ့ သူတွေကိုလည်း ထိထိ ရောက်ရောက် နှိမ်နင်းပေးပါ” ဟု ဧရာဝတီကို ပြောသည်။

ယင်းအောင်မြင်သူများအား တက္ကသိုလ် ပညာရေး ဆက်လက် တက်ရောက်နိုင်ရန် အတွက်လည်း စီစဉ်ပေးသွားမည် ဖြစ်ပြီး ယခုနှစ် ဖြေဆိုသူများတွင်လည်း ၆၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေရသူများ ဖြစ်ကာ ခိုးမှု၊ လုယက် မှု၊ လူကုန်ကူးမှု၊ လူသတ်ရန် အားပေးမှုများနှင့် ကျခံနေရသူများလည်း ပါဝင်ကြောင်း သိရသည်။

၂၀၁၆-၁၇ ပညာသင်နှစ်က မန္တလေးဗဟို အကျဉ်းထောင်၌ ဖြေဆို အောင်မြင်ခဲ့သူများ အနက် သုံးဘာသာ ဂုဏ်ထူး ရှင်နှင့် တဘာသာ ဂုဏ်ထူးရှင်တို့သည် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ရာ ယခု ဖြေဆို အောင်မြင်ခဲ့ပြီးသော အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများ အတွက် ထိုသို့ အခွင့်အရေးမျိုး ရရှိရန် ၎င်းတို့ မိသားစုဝင်များနှင့် ပညာ ရေး ဦးစီးဌာန က မျှော်လင့်လျက် ရှိကြောင်း သိရသည်။

“မနှစ်ကလည်း အခုလို ထူးချွန်အောင်မြင်ခဲ့တဲ့ ကလေးက သူ့ဆန္ဒကို မီဒီယာမှာ ဖော်ထုတ်လို့ လွတ်ငြိမ်း ချမ်းသာခွင့် ရခဲ့ပါတယ်။ ဒီနှစ်မှာလည်း အဲဒီလို ကောင်းခြင်း မင်္ဂလာတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မြို့နယ် ပညာရေး မှူး ဦးအောင်ကျော်မိုး က ဆိုသည်။

၂၀၁၇-၁၈ ပညာသင်နှစ်၌ အကျဉ်းဦးစီးဌာန လက်အောက်ရှိ အကျဉ်းထောင် ၈ ခုမှ အကျဉ်းသား ကျောင်းသား/သူ စုစုပေါင်း ၁၀၄ ဦးဖြေဆိုခဲ့ရာ ၃ ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာ ၅ ဦး၊ ၁ ဘာသာ ၁၈ ဦး၊ ရိုးရိုးအောင် ၁၉ ဦး စုစုပေါင်း ၄၇ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်၍ အကျဉ်းထောင်များ အတွင်း ပညာ တပိုင်းတစဖြင့် ရောက်ရှိလာသော လူငယ်အကျဉ်းသူ၊ အကျဉ်းသားများအား ပဉ္စမတန်းမှ စ၍ အတန်းအဆင့် လိုက် ပညာသင်ကြားမှုများ စတင်ခဲ့ပြီး တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုမည့်သူများအား အင်းစိန် ဗဟိုအကျဉ်း ထောင်သို့ ပို့ဆောင် ဖြေဆိုစေခဲ့သည်။

ယင်းနောက် ၂၀၁၆-၁၇ ပညာသင်နှစ်မှ စတင်၍ မန္တလေး ဗဟိုအကျဉ်းထောင်၌ စာစစ်ဌာန တခုဖွင့်လှစ်ပြီး တက္က သိုလ် ဝင်တန်း စာမေးပွဲများ ဖြေဆိုခွင့်ပြုခဲ့ရာ အဆိုပါ ပညာသင်နှစ်က မန္တလေးဗဟို အကျဉ်းထောင်တွင် အကျဉ်း သား/သူ ၁၁ ဦးဖြေဆိုခဲ့ရာ ၇ ဦးအောင်မြင်ခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးရှင် ၁ ဦး၊ တဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ရိုးရိုး အောင် ၄ ဦးတို့ ရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading