ကယားပြည်နယ် လွိုင်ကော်မြို့၌ ဗိုလ်ချုပ် အောင်ဆန်း ပုံတူ ကြေးရုပ်တု စိုက်ထူမည့်အပေါ် ဒေသခံ အဖွဲ့အစည်း တချို့၏ ကန့်ကွက်မှုများ ရှိနေသော်လည်း အများဆန္ဒ သဘောထား အတိုင်း ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူသွားမည်ဟု ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ဧရာဝတီ သို့ ပြောသည်။
ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က “ရှင်းရှင်းပြောရရင် အများပြည်သူ ပြည်နယ်သူ/သားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်နဲ့ ဆက်လုပ်မှာပဲလေ။ ဘာလို့လဲဆို အများက လုပ်ချင်တာကိုး။ ပြည်နယ် အစိုးရက ပြည်သူ့အစိုးရ ဆိုတော့ အများပြည်သူ ဆန္ဒကို ဖော်မှာပဲ။ ကုန်ကျစရိတ်က အများပြည်သူ လူထုအား ပါ” ဟု လည်း ပြောဆိုသည်။
ကယားပြည်နယ် အစိုးရအဖွဲ့နှင့် အများပြည်သူ လူထုစုပေါင်းကာ ကျပ်သိန်း ၈၀၀ ဝန်းကျင် အကုန်အကျခံ၍ ဗိုလ်ချုပ် အောင်ဆန်း ပုံတူ ကြေးရုပ်တုကို လွိုင်ကော်မြို့ရှိ ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် ပန်းခြံထဲ၌ စိုက်ထူသွားရန် ပြင် ဆင်နေကြောင်း ပြည်နယ်အစိုးရ အဖွဲ့က ပြောသည်။
အဆိုပါ ပုံတူ ကြေးရုပ်တု ထုဆစ်မှုသည် ရာခိုင်နှုန်း ၅၀ ကျော် ပြီးစီးပြီ ဖြစ်ကာ မည်သည့် အချိန်၌ အပြီးသတ် ထုဆစ်၍ စိုက်ထူသွားမည်ကို မပြောနိုင်သေးကြောင်း ဝန်ကြီးချုပ် က ဆိုသည်။
ကယား (ကရင်နီ) ပြည်လူထု အသင်းအဖွဲ့ ၇ ဖွဲ့က ၂၀၁၈ ခုနှစ် ဇွန် ၁၈ ရက်၌ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု တည် ဆောက်ရေးနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ရန်၊ မိမိတို့ ကရင်နီပြည်နယ်ရှိ လူထု အသင်းအဖွဲ့များက အများ ပြည်သူ နေရာတွင် တည်ထားခြင်းသည် ပြည်နယ်၏ သမိုင်းအစဉ်အလာ၊ အမျိုးသားရေးနှင့် နိုင်ငံရေး အရ ကန့်ကွက်ကြောင်း ထုတ်ပြန် ထားသည်။
ထို့ပြင် လက်ရှိ ကယားပြည်နယ် အစိုးရ ဦးစီးပြီး တည်ဆောက်နေသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ချက်ချင်း ရပ်တန့်ပေးရန် လိုအပ်ကြောင်း၊ လက်ရှိ တင်ပြသော အခြေအနေကို တာဝန်ရှိ ပုဂ္ဂိုလ်များက တစုံတရာ တုံ့ပြန်မှု မရှိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို မိမိတို့ တာဝန်ယူမည် မဟုတ်ကြောင်း ဆိုသည်။
ကရင်နီပြည် လူငယ်များ သမဂ္ဂ(UKSY)၏ အထွေထွေ အတွင်းရေးမှူး ခွန်ဘားနဒ် က “အဓိကတော့ ဒီပြည်နယ်မှာ ကိုယ့် အထင်ကရ ကိုယ်တွေ လေးစားတဲ့ ခေါင်းဆောင်တွေလည်း ရှိတယ်။ အထင်ကရ အမှတ်အသားတွေလည်း ရှိတယ်။ အဲဒါ တွေကို အရင်ဆုံး မလုပ်သေးဘူး။ ဒါက ပထမ အချက်ပေါ့နော်”ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ဒုတိယ အချက်က အစိုးရ အနေနဲ့ အများပိုင်နေရာမှာ လုပ်မယ်ဆိုရင် သဘောထားတွေ တောင်းခံ တာ လုပ်သင့်တယ်။ တတိယ အချက်က အမျိုးသားရေး၊ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ကျနော်တို့ ပြည်နယ်အတွက် နစ် နာတယ်။ ကျနော်တို့ ကိုယ်ပိုင် အမှတ်အသားတွေ ဘယ်လိုပြောမလဲ။ ခေါင်းဆောင်တွေ ညှိနှိုင်းပြီးတော့ တည်ဆောက်ဖို့ ကိစ္စတောင်မှ ကျနော်တို့ ဆက်မသွားနိုင်သေးတဲ့ အခြေအနေမှာ ဒါမျိုးလုပ်ရင် နိုင်ငံရေး အမျိုးသားရေး အရ နစ်နာတယ် လို့ ကျနော်တို့ ခံစားရတယ်”ဟုလည်း ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် အစိုးရအဖွဲ့ထံ ၂၀၁၈ ခုနှစ် ဇွန် ၁၇ ရက်က အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ ထားပြီး တွေ့ဆုံ ဆွေးနွေးနိုင်ရေး စောင့်ဆိုင်းနေကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်ရေး လုပ်ငန်းများကိုလည်း စောင့်ကြည့်နေကြောင်း၊ တစုံတရာ ဖြေရှင်းမှု မရှိပါက ကန်ပိန်း လုပ်၍ ကန့်ကွက် ပြီးနောက် ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ် သွားရန် ရှိကြောင်း ခွန်ဘားနဒ် က ထုတ်ဖော် ပြောသည်။
ထိုသို့ တွေ့ဆုံရေး ကိစ္စကို ယခင်ကတည်းက ပြုလုပ်ထားပြီး ဖြစ်သကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူရေး အပေါ် ပူးပေါင်း ဆောင်ရွက် ပေးစေလိုကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ပြောသည်။
“ကျနော်တို့ နိုင်ငံသူ/သားတွေရဲ့ လွတ်လပ်ရေး ဖခင်ကြီး တယောက်ရဲ့ပုံကို တိုင်းရင်းသား အများပြည်သူရဲ့ ဆန္ဒအရ ထားမယ့် ကိစ္စကို အားလုံးက လိုလိုလားလားနဲ့ ယုံကြည် သက်ဝင်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့တော့ ပြောချင်တယ်။ နောက် ပြီးတော့ အပြည့်အဝ လက်တွဲပူးပေါင်း ဆောင်ရွက်လို့ရတဲ့ အခြေအနေမှာ ပူးပေါင်းဖို့ ကျနော်အနေနဲ့ အားလုံးကို သိရှိ နားလည်ပြီး ဝန်းရံဖို့ ပြောချင်ပါတယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
ဇွန် ၁၈ ရက်၌ ကယား(ကရင်နီ) ပြည်လူထု အသင်းအဖွဲ့ ၇ ဖွဲ့၏ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဗိုလ်ချုပ် ကြေးရုပ်တုအား ဇွတ်အတင်း ထားရှိမည် ဆိုပါက အစိုးရ အနေနှင့် ပြင်းထန်သော လူထုလှုပ်ရှားမှုနှင့် ကြုံတွေ့မည်ဖြစ်ပြီး လက်ရှိ အစိုးရအား ပြည်သူများ၏ ဆန့်ကျင်မှု ပိုမိုဖြစ်ပေါ်လာမည် ဟု ဆိုထားသည်။
ထို့ပြင် လက်ရှိ ငြိမ်းချမ်းရေး အခြေအနေသည်လည်း ရေရာမှု မရှိသေးဘဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ကယား ပြည်နယ်တွင်း လာရောက်ထားရှိပါက ပြဿနာများ ပိုမိုကြီးထွားလာခြင်း၊ တိုင်းရင်းသားများကြား သွေးကွဲမှု ပိုမိုဖြစ်ပေါ် လာခြင်း၊ လူမျိုးကြီးဝါဒကို ပိုမိုပေါ်လွင်အောင် လုပ်ဆောင်သလို ဖြစ်နေခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် နှစ်ဦးနှစ်ဘက် စစ်ရေး တင်းမာမှုနှင့် ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်နိုင်သည်ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
UKSY အထွေထွေ အတွင်းရေးမှူး ခွန်ဘားနဒ်က “ပြည်နယ်မှာက လက်နက်ကိုင် အစုလည်း ရှိတယ်။ ဥပမာ – KNPP တို့ ဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်။ ဒါပေမယ့် KNPP သဘောထားကို မေးတာမရှိဘူး ကြားတယ်။ ဒါကြောင့် KNPP နဲ့ တင်းမာမှုတွေ ဖြစ်လာမှာလည်း ကျနော်တို့ စိုးရိမ်တယ်။ အဓိက ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း စိုးရိမ် တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ပြည်ထောင်စုရယ်လို့ ပြောရင်တော့ ဖက်ဒရယ်ဆန်တဲ့ တန်းတူညီမျှမှု ကို အရင်ဆုံး သွားပြီးမှ ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုတို့ ဘာတို့ကို ညှိနှိုင်း တည်ဆောက်ရမယ့် ကိစ္စပေ့ါ။ ဒီလိုမျိုး အတင်း ဇွတ်လုပ်တာကတော့ လူထုကို အနိုင်ကျင့်တယ်၊ ဒီ ပြည်နယ်သူ/သားတွေကို စော်ကားရာ ရောက်တယ်လို့ ကျနော်တို့ မြင်တယ်”ဟုလည်း ပြော ဆိုသည်။
တိုင်းနှင့် ပြည်နယ်များတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံတူရုပ်တု စိုက်ထူခြင်း၊ စိုက်ထူရန် စီစဉ်ခြင်းများ ရှိနေပြီး ယခု ကယား ပြည်နယ်ကဲ့သို့ပင် ချင်းနှင့် မွန် ပြည်နယ် တို့၌လည်း ကန့်ကွက်မှုများ ရှိခဲ့ကြောင်း သိရသည်။