သတင်း

ရခိုင်အရေး အမေရိကန် သဘောထား ပျော့ပြောင်းလာသလား

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာ ဖိအားပေးမှုများ ခံနေရသည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့် အစိုးရ၏ နေပြည်တော်နှင့် ဆက်ဆံရေးသည် ဥရောပသမဂ္ဂနှင့် အထူးသဖြင့် ဗြိတိန်ကဲ့သို့ မဟုတ်ဘဲ သဘောထား ပျော့ပြောင်းလာသည်ကို တွေ့ရပြီး မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဆက်လက်ကူညီရန် ဆန္ဒရှိနေသည်ဟု နေပြည်တော်သို့ လာရောက်ခဲ့သော အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်ဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ၊ အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူး မစ္စတာ မတ် ပေါ့တင်ဂါ Mr. Matt Pottinger နှင့် တွေ့ဆုံခဲ့သူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်က ပြောဆိုသည်။

ယင်းသည် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်လာပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေး ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့နှင့်လည်း နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပြီးချိန်နှင့် တိုက်ဆိုင်နေသည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ မစ္စတာ မတ် ပေါ့တင်ဂါနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်များမှ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌများ ဖြစ်ကြသည့် ဦးဇော်သိန်း၊ ဒေါက်တာ သန်းဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါ်ပြုံးကေသီနိုင်၊ ဦးဖြိုးဇေယျာသော်တို့နှင့် တွေ့ဆုံခဲ့သည်။

“ဖိအားပေး ပြောဆိုတာမျိုး မရှိတာက အရမ်းသိသာတယ်။ တကယ်ပြောမယ်ဆို သူက အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး အကြီးအကဲပဲ။ ဒါပေမယ့် အရမ်း ပျော့ပြောင်းတယ်။ အခု ထရန့်အစိုးရရဲ့ သဘောထားကလည်း မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ဆက်ပြီးတော့ အရင်လို ဆက်ကူညီဖို့ ဆန္ဒရှိတယ်”ဟု ဒေါ်ပြုံးကေသီနိုင်က ဧရာဝတီသို့ ပြောသည်။

ဝါရှင်တန်မှ လာသော သတင်းများအရ ကွန်ဂရက် လွှတ်တော်တွင်မူ ဒီမိုကရက်နှင့် ရီပတ်ဗလစ်ကန်များသည် မြန်မာနိုင်ငံ၏ စစ်ဘက် ခေါင်းဆောင်များကို ရည်ရွယ်ပြီး ဖိအားတိုးမြှင့်မည့် အစီအစဉ်များကို ထောက်ခံအားပေးနေကြသည်။ သို့ရာတွင် ရီပတ်ဘလီကန်ပါတီမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရ အလွန်နီးစပ်သူ အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ် မက်ကွန်းနဲလ်က သဘောမတူသေးဘဲ သမ္မတ ဒေါ်နယ်ထရမ့်သည်လည်း ယခုအချိန်အထိ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသည်။

အထက်လွှတ်တော် လူများစုခေါင်းဆောင် မက်ကွန်းနဲလ်သည် ၂၀၁၀ ခုနှစ်အထိ မြန်မာစစ်တပ်က နေအိမ်အကျယ်ချုပ်ချုပ်ခံထားရသူ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကို ကာလကြာမြင့်စွာ ထောက်ခံသူဖြစ်သည်။ မက်ကွန်းနဲလ်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တွန်းအားပေးခဲ့သူဖြစ်ပြီး စစ်ဘက်၏ အာဏာချုပ်ကိုင်မှုကို လျှော့ချနိုင်စေခဲ့သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတွင် အာဏာအရှိဆုံး အရပ်သားဖြစ်နေပြီး ရိုဟင်ဂျာခေါ် ဘင်္ဂလီ ဒုက္ခသည်အရေး ကိုင်တွယ်ရာတွင် မြန်မာ့တပ်မတော်ကို လူသိရှင်ကြား စိန်ခေါ်မှု မရှိခြင်းကြောင့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။

ထိုအကျပ်အတည်းကို အမေရိကန်ပြည်ထောင်စု အနေဖြင့် အသိအမှတ်ပြုသင့်သော်လည်း မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ ပြောင်းပြန်ဖြစ်သွားမည်ကို သတိထားသင့်သည်ဟု မက်ကွန်းနဲလ်က ပြောဖူးသည်။ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အကောင်းဆုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ခြင်းဟာ အပြုသဘောမဆောင်ဘူး” ဟု မက်ကွန်းနဲလ်က စက်တင်ဘာလအတွင်းက ထုတ်ပြန်ပြောဆိုခဲ့သည်။

ယင်းအမြင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်း ထောက်ခံသူ အများအပြား ရှိကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းကဲ့သို့ အလျှော့ပေးမှုများကို စစ်ဘက်က ပြုလုပ်လာသောကြောင့် မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများ လျှော့ပေးခြင်းအပါအဝင် အကန့်အသတ်ဖြင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သော အိုဘားမားခေတ် မူဝါဒကို ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူ ဟီလာရီကလင်တန် ဦးဆောင်သော နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ခဲ့သည်။

လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှဒေသဆိုင်ရာ အကြီးအကဲ ခေတ္တ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆူစန် သွန်တန်သည် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ သြဇာသက်ရောက်မှု ကွန်ရက်ထဲသို့ ပြန်လည်ကျဆင်းမည် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ အနေအထားကို အင်အားချည့်နဲ့စေမည်ကို စိုးရိမ်သောကြောင့် မြန်မာအစိုးရကို လူသိရှင်ကြား ပြစ်တင်ဝေဖန်ရန် မလိုလားဟု ထရမ့်၏ အရာရှိများနှင့် ကွန်ဂရက် ဝန်ထမ်းများကို ကိုးကားပြီး Huffington Post သတင်းတပုဒ်က ဆိုသည်။

မေလအတွင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများနှင့် ရခိုင်မြောက်ပိုင်းသို့ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အကြီးအကဲ မာ့က်ဂရင်း သွားရောက်ခဲ့အပြီး သမ္မတထံသို့ မူဝါဒ ဆိုင်ရာအကြံဉာဏ်များလည်း ပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းများက ဆိုသည်။ ယခု မတ် ပေါ့တင်ဂါက ဒေါ် နယ်ထရန့်ဆီမှ ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင် ယူဆောင်လာခဲ့ပြီး မြန်မာအစိုးရကလည်း စာတစောင် ပြန်ပေးလိုက်ကြောင်း သိရသည်။

မြန်မာအစိုးရဘက်မှ ပေးစာထဲတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး အစိုးရ၏ UEHRD လုပ်ငန်းစဉ်များ၊ ထိုလုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေး ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့နှင့် လက်တွဲလုပ်ကိုင်နေကြောင်း၊ ရခိုင်အရေး မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ၏ အကြံပြုချက်အတိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာက လေးစားသော ပုဂ္ဂိုလ်တဦးပါဝင်သော လွတ်လပ်သော ကော်မရှင်တခုအား ဖွဲ့စည်းရန်ရှိကြောင်းတို့ ပါဝင်နိုင်ဖွယ်ရှိသည်။

မတ် ပေါ့တင်ဂါနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေးနှင့် ရခိုင်ဒေသခံများ၏ အသံကို နားထောင်ပေးရရန် လွှတ်တော်ဘက်မှ ဆွေးနွေးခဲ့သည်ဟု သိရသည်။

မတ် ပေါ့တင်ဂါဘက်ကလည်း မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် နိုင်ငံရေး အကျပ်အတည်းများကို အမေရိကန်က နားလည်ကြောင်း၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအောက်တွင် ပြဿနာများစွာ ရှိနေသည်ကိုလည်း သိကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရ၏ လုပ်ရကိုင်ရခက်မှုများကိုလည်း နားလည်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန်ဘက်မှ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့် အကူအညီများ ရှိပါက ပြောကြားရန် ဆိုသဖြင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြုပ်နှံမှု လိုကြောင်း လွှတ်တော်ဘက်မှ ဆွေးနွေးရာ လောလောဆယ် နိုင်ငံရေး အခြေအနေများအရ မဖြစ်နိုင်သေးကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading