တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပမည့်ရက် သတ်မှတ်နိုင်ရေး ပြည်ထောင်စုငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့နှင့် လုပ်ငန်း ကော်မတီ အစည်းအဝေး များကို ဇွန် ၂၅ ရက်မှ စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးများသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန် ယူထားသော UPDJC တွင် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပမည့်ရက် သတ်မှတ်နိုင် ရေးအပြင် ညီလာခံ၌ ဆွေးနွေးမည့် ခေါင်းစဉ်များ အတည်ပြုနိုင်ရေး အထောက်အကူပြုစေရန် အတွက် ကျင်းပခြင်း ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် တချို့က ဆိုသည်။
UPDJC အတွင်းရေးမှူး အဖွဲ့ဝင် စိုင်းကျော်ညွန့်က “ညီလာခံမှာ ဘယ်အကြောင်းအရာ ဆွေးနွေး မလဲ ပေါ့။ နိုင်ငံရေး ကဏ္ဍမှာဆိုရင် အလွတ်သဘောကတော့ ပြောထားတာတွေရှိတယ်။ တရားဝင် UPDJC ခေါ်ပြီးတော့ ဟိုဘက် ဒီဘက် ၃ ဘက်လုံး ၃ ပွင့်ဆိုင် ညှိနှိုင်းမှုပဲ ပြောလို့ရမှာ” ဟု ပြောသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဇွန် ၂၅ ရက်တွင် စတင်ကာ ၂၆၊၂၇၊ ၂၈ ရက်များ၌ လုပ်ငန်းကော်မတီ အစည်းအဝေးများကို ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
အတွင်းရေးမှူး အဖွဲ့ဝင် PNLO ၏ ဒု ဥက္ကဌ ခွန်မြင့်ထွန်းက “ကျနော်တို့ အတွင်းရေးမှူး အဖွဲ့အစည်း အဝေးမှာလည်း ညီလာခံ ကျင်းပနိုင်ရေး ရက်ကို ပြင်ဆင်တာ ဆွေးနွေးတာတွေတော့ ရှိမှာပါပဲ။ သို့သော်လည်း ရက်သတ်မှတ်တာ အတည်ပြုတာကတော့ ကျနော်တို့ UPDJC အစည်းအဝေးကျမှပဲ အတည်ပြုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၃ ရက်တာ ကျင်းပမည့် UPDJC လုပ်ငန်းကော်မတီ အစည်းအဝေး၌ နိုင်ငံရေးကဏ္ဍတွင် ပါဝင်သော အခြေခံ လူ့အခွင့် အရေး ကိစ္စရပ်များ အပါအဝင် တိုင်းရင်းသား လူနည်းစု အခွင့်အရေးနှင့် ကျား/မ တန်တူ အခွင့်အရေးတို့ အပေါ် ဆွေးနွေး ကြမည် ဖြစ်ကာ အခြားသော ကဏ္ဍများကိုလည်း ဆွေးနွေး မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမည့် အကြောင်းအရာများသည် ၂၀၁၇ ခုနှစ်၊ မေလက ကျင်းပခဲ့သော ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဆွေးနွေးခဲ့သော အချက် ၄၅ ချက် အနက် ကျန်ရှိသည့် အချက်များကို ဆွေးနွေးမည် ဖြစ်ကြောင်း အဖွဲ့ဝင် ခွန်မြင့်ထွန်းက ဆိုသည်။
ခွန်မြင့်ထွန်း က “ UPDJC လုပ်ငန်းကော်မတီ အစည်းအဝေးမှာတော့ အရင် ဒုတိယ ပင်လုံတုန်းက ကျန်တဲ့ ခေါင်းစဉ်တွေ ကိုပဲ ပြန်ပြီး ဆွေးနွေးမှာပေါ့။ ကဏ္ဍတိုင်းမှာလေ။ နိုင်ငံရေး ကဏ္ဍမှာတော့ အထူးအားဖြင့်တော့ တိုင်းရင်းသား လူနည်းစု တွေရဲ့ အခွင့်အရေးများ အဲဒီ ခေါင်းစဉ်မျိုးတွေ ဆွေးနွေးရ လွယ်စေမယ့် အချက်မျိုးတွေ ဆွေးနွေးမှာ” ဟု ပြောသည်။
ထိုအစည်းအဝေးမှ ရရှိလာမည့် သဘောထားများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJ C) အစည်းအဝေးသို့ တင်ပြ၍ ဆွေးနွေး အတည်ပြုမှုများ ရယူကြမည် ဖြစ်ကြောင်း အထက်ပါ အတွင်းရေးမှူး အဖွဲ့ဝင်များက ဆိုသည်။
သို့သော်လည်း လုံခြုံရေး ကဏ္ဍနှင့် ပတ်သက်ပြီး အထွေအထူး ဆွေးနွေးရန် မရှိကြောင်းနှင့် အစိုးရ၊ တိုင်းရင်းသား လက် နက်ကိုင်(EAO) များ ဘက်က မိမိတို့အား အထွေအထူး ရှင်းပြ ခြင်းမရှိကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် နိုင်ငံရေး ပါတီဘက်မှ စိုင်းကျော်ညွန့်က ပြောသည်။
လက်ရှိတွင် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို အစိုးရဘက်က ဇွန် ၃၀ ရက်မှာ ကျင်းပရန် အဆိုပြု ထားသော် လည်း တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က ဇူလိုင် ၁၀ ရက်မှ ကျင်းပရန် အဆိုပြု ထားသည်။
ထိုအပေါ် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီ စသည့် အစုအဖွဲ့များပါဝင်သော UPDJC အစည်း အဝေးကို ခေါ်ယူကျင်းပကာ ဆွေးနွေး၍ ညီလာခံ ကျင်းပမည့် ရက်ကို သတ်မှတ် ကြမည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ်၊ ဇွန် ၁၆ ရက်၌ UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို အလွတ်သဘော ကျင်းပခဲ့ ကြကာ UPDJC လုပ် ငန်းကော်မတီ အစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစု အဖွဲ့များက ဇွန်လ ၁၅ ရက်မှ ၁၇ ရက်ထိ အလွတ်သဘော ကျင်းပမှုများလည်း ရှိကြောင်း သိရသည်။