မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်အပါအဝင် အများပြည်သူပိုင်ငွေ ဘီလျှံပေါင်းများစွာကို အလွဲသုံးစားလုပ်ခဲ့ သည်ဟု အဓိကသံသယရှိသူများကို တရားစွဲဆိုရန် အမှုကို ခိုင်လုံစွာပြင်ဆင် ထားပြီးဖြစ်သည်ဟု လက်ရှိဝန်ကြီးချုပ် မဟာသီယာက Reuters သတင်းဌာနနှင့် မနေ့ကတွေ့ ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။
1Malaysia Development Berhad (1MDB) ကိုလိမ်လည်ပြီး ရန်ပုံငွေမှ ခိုးယူထားသည်ဟု စွပ်စွဲချက် စုံစမ်းစစ်ဆေးမှု အပြီး နာဂျစ်ရာဇတ်ကို ငွေကြေး အလွဲသုံးစားမှုနှင့် အစိုးရပိုင်ငွေဖြင့် လာဘ်ထိုးမှုများအပါအဝင် စွဲချက်အများအပြားဖြင့် အရေးယူသွားရန် ပြင်ဆင်နေကြောင်း၊ ထိုအမှု တွင် 1MDB ကိုထူထောင်ခဲ့သူ နာဂျစ်သည် အဓိက အခန်းမှပါဝင်ကြောင်း ဆိုသည်။
“1MDB အတွက်သူ့မှာလုံးဝတာဝန်ရှိတယ်။ သူ့လက်မှတ်မပါရင် ဘာမှလုပ်လို့မရဘူး။1MDB မှာလုပ်တဲ့ ကိစ္စတိုင်းမှာ သူ့ လက်မှတ်တွေပါနေတယ်။ ဒါကြောင့် သူ့မှာတာဝန်ရှိတယ်”ဟု ဝန်ကြီးချုပ် မဟာသီယာက ပြောသည်။
၂၂ နှစ်ကြာ အာဏာရရှိခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ်မှ အနားယူပြီးနောက် အသက် ၉၂ နှစ်အရွယ်ရှိပြီ ဖြစ်သော မဟာသီယာသည် လွန်ခဲ့သောလက ကျင်းပသည့် ရွေးကောက်ပွဲတွင် နာဂျစ်ကို ဖြုတ်ချရန် အတိုက်အခံများနှင့် ပူးပေါင်းခဲ့သည်။
ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီးနောက် မဟာသီယာသည်1MDB နှင့် နာဂျစ် ပါဝင်ပတ် သက်မှုများကို စုံစမ်း စစ်ဆေးမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။
1MDB မှ အမေရိကန်ဒေါ်လာ ၄.၅ ဘီလျှံ အလွဲသုံးစားလုပ်ခံရပြီး ထိုငွေများအနက် သန်း ၇၀၀ သည် နာဂျစ်၏ ပုဂ္ဂလိက ငွေစာရင်များသို့ရောက်သွားကြောင်း ဘဏ္ဍာငွေ ခိုးယူမှုများကို စုံစမ်းစစ်ဆေး မှုတခုအပြီးတွင် အမေရိကန် တရားရေးဌာန က ပြောကြားခဲ့သည်။
မဟာသီယာက နာဂျစ်ကို နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်ထားပြီး သူ၏ ပိုင်ဆိုင်မှုများကို လည်းရဲအဖွဲ့က စုံစမ်းစစ်ဆေးကာ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးသူများက နာဂျစ်နှင့် သူ၏ ဇနီး ရော့စမာ မန်ဆာ တို့ကို စစ်ဆေးမေးမြန်းခဲ့သည်။
နာဂျစ်က မည်သည့်အမှားအယွင်းမှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အမြဲငြင်းဆိုခဲ့ပြီး 1MDB မှ မည် သည့်ငွေကိုမျှမယူ ကြောင်း လွန်ခဲ့သော အပတ်ကပင် ထပ်မံပြောကြားသည်။
စုံစမ်းစစ်ဆေးသူများက နာဂျစ်ကို စွဲချက်အများအပြားဖြင့် တရားစွဲရန် စီစဉ်နေသည်ဟု မဟာသီယာ ကပြောပြီး ထိုစွပ်စွဲ ချက်များသည် ဝန်ကြီးချုပ်ဘဝက အာဏာအလွဲသုံးစားလုပ်မှုများကို အခြေခံသည် ဟုလည်း ပြောသည်။
ထိုစွဲချက်များတွင် “ငွေကြေးအလွဲသုံးစားမှု၊ အစိုးရပိုင်ငွေကို ခိုးယူမှု၊ အစိုးရပိုင်ငွေကို ဆုံးရှုံးစေမှု၊ အစိုးရပိုင်ငွေဖြင့် လာဘ် ထိုးမှုနှင့် အခြားစွဲချက်အများအပြားပါဝင်နိုင်သည်။
1MDB နှင့်ပတ်သက်ပြီး ရော့စ်မာကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု မဟာသီယာကပြောသည်။
“တချို့ငွေတွေက သူ့ဆီကို ရောက်သွားတယ်လို့ ယူဆရတယ်။ တော်တော်များတဲ့ငွေတွေ။ ကျနော်တို့ ဒါကို သိထားပေ မယ့် သူက လက်မှတ်မထိုးတော့ စာရွက်စာတမ်းအထောက် အထားရှာရတာ နည်းနည်း ခက်ခဲနေတယ်။ နာဂျစ်ကတော့ စာရွက်စာတမ်းတော်တော်များများမှာ လက်မှတ်ထိုး ထားတယ်” ဟု မဟာသီယာပြောသည်။
လအနည်းငယ်အတွင်း1MDB နှင့်ပတ်သက်သော ပထမဆုံးဖမ်းဆီးမှုပြုလုပ်နိုင်ပြီး နှစ်ကုန်တွင် တရားခွင်တွင် စစ်ဆေးနိုင် မည်ဟု မျှော်လင့်ကြောင်းလည်း မဟာသီယာပြောသည်။
“ကျနော်တို့တတ်နိုင်သမျှ အမြန်ဆုံးနဲ့ အပြင်းအထန်ကြိုးစားနေတယ်။ အမှုကတော့ တော်တော်ကြီး ကို ပြည့်စုံနေပြီလို့ ထင်တယ်”ဟုလည်းသူပြောသည်။
ထိုအမှု၏ အဓိက ပစ်မှတ်များကို မေးမြန်းသောအခါ “နာဂျစ်၊ ဂျေဟိုလိုနဲ့ တခြားသူတချို့” ဟုသူပြော သည်။
ဂျေဟိုလို သည် မလေးရှား ဘာဏ္ဍာရေးလုပ်ငန်းရှင်ဖြစ်ပြီး 1MDB အရှုပ်တော်ပုံတွင် အဓိကပါဝင် သူဖြစ်သည်။ သူသည် နာဂျစ်နှင့် သူ၏မိသားစုများနှင့် ရင်းနှီးသူဖြစ်သည်ဟု မြင်ကြသည်။
“တရားရုံးမှာတင်တဲ့အခါ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အထောက်အထားရမှာပဲ။ လုံးဝအရှုံးမခံ နိုင်ဘူး” ဟု မဟာသီယာက ပြောသည်။
နာဂျစ်နှင့် ဂျေဟိုလိုတို့၏ ရှေ့နေများကို Reuters သတင်းကဆက်သွယ်သော်လည်း ဆက်သွယ်၍ မရကြောင်း သိရသည်။